ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဇွန်လ ၃၀ ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန္ဒလဲရွာမှာ စစ်ကောင်စီ သတင်းပေး ပျူစောထီး တစ်ဦး ဇွန်လ ၂၉ ရက် ညနေ ၃ နာရီခန့်က ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။
ပစ်သတ်ခံရသူမှာ ပန္နလဲရွာက အသက် ၆၅ နှစ်ဝန်းကျင် အရွယ်ရှိ ဦးကံစိန် ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
ပန္နလဲရွာက အမျိုးသား တစ်ဦးက“သူက ရွာကို စစ်တပ်တွေ ရောက်လာရင် လမ်းပြအဖြစ် လိုက်တယ်။ ရွာက သတင်းတွေ ကို ဖုန်းဆက်ပြီး စစ်တပ်ကို ပို့နေတဲ့သူပေါ့။ သူ့ကို သတင်းပေး ဆက်မလုပ်ဖို့ သတိပေး ပြောဆိုခဲ့ပေမယ့် လိုက်နာမှု မရှိလို့ အခုလို ပစ်သတ်ခံရတာ ဖြစ်တယ်”လို့ ဧရာဝတီတိုင်းမ်ကို ပြောပြပါတယ်။
အဲဒီ ဦးကံစိန် ဆိုသူဟာ ဥယျာဉ်ခြံ တစ်ခုထဲမှာ ဦးခေါင်း ကျဉ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးနေခြင်း ဖြစ်တယ်လို့လည်း ၎င်း က ပြောဆိုပါတယ်။
အဆိုပါ သေဆုံးသူ စစ်ကောင်စီ သတင်းပေး ဦးကံစိန်ကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းက ပစ်သတ်သွားတယ် ဆိုတာကိုတော့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။
#လောင်းလုံး #ပန္ဒလဲရွာက #စစ်ကောင်စီ #သတင်းပေး #ပျူစောထီး #တစ်ဦးပစ်သတ်ခံရ