နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ဧရာဝတီတိုင်းအတွင်းသို့ အခြားမြို့နယ်များနှ ဝင်ရောက်နိုင်သည့် မြို့အဝင်အထွက်ဂိတ်များကို ဇွန်လဆန်းပိုင်းကပိတ်ထားပြီးနောက်ပိုင်း ဇွန်လကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဆေးရေးဂိတ်တွေပိတ်ပြီးနောက်ပိုင်း အဆိုပါဂိတ်များမှ စစ်ကောင်စီတပ်သားများကို တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများသို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးရေးဂိတ်များပြန်ဖွင့်ချိန်တွင် စစ်မှုထမ်းဟောင်း သက်ကြီးရွယ်အိုများကို ယူနွဖောင်းဝတ်ခိုင်းကာ သေနတ်ထုတ်ပေးပြီး နေ့စားခပေးကာ အသုံးပြုနေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းဝိုင်းမှ သိရသည်။

” ပြီးခဲ့တဲ့လလောက်မှာ မြို့အဝင်မြို့အထွက် စစ်ဆေးရေးဂိတ်တွေကိုပိတ်လိုက်တာ။ ခုပြန်ဖွင့်တော့ စစ်မှု့ထမ်းဟောင်းအဖွဲ့တွေကို လက်နက်အပြည့်စုံပေးထားပြီ လုံခြုံ ရေးပြန်ချထားတာ။ လာသမျှ ခရီးသွား ကားတွေစီက ငွေကြေးကောက်နေတယ်” စစ်ကောင်စီတပ်နဲ့ နီးစပ်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်က ဇွန်လ ၂၆ ရက်နေ့ကစတင်ကာ စစ်ဆေးရေးဂိတ်တွေပြန်ဖွင့်ခဲ့ပြီး စစ်ကောင်စီတပ်က အသုံးပြုနေတဲ့ စစ်မှုထမ်းဟောင်းနဲ့ ပျူစောထီး၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေက လာသမျှကားတားပြီး ပိုက်ဆံ တောင်းတာတွေပြုလုပ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းကိုဝင်သည့် ပန်လှိုင်ဂိတ် ၊ မယ်ဇလီဂိတ်၊ ရေနံမြေဂိတ်နှင့် မအူပင်မြို့အဝင်တံတားဂိတ်တွေမှာလည်း ကားသမားတွေက ​စစ်ဆေးရေးဂိတ်ဖြတ်တိုင်း ငွေပေးရသလို အကြောင်းမရှိအကြောင်းရှာကာ ခရီးသွားပြည်သူတွေကို စစ်ဆေးရေးဟန်ပြကာ ငွေညှစ်တာတွေ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

#စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ်ပြန်ဖွင့် #ပြည်သူ့စစ် #စစ်မှုထမ်းဟောင်း #ငွေတောင်း #Ayeyarwaddy_Times