ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်
အာဏာသိမ်းစစ်ကောင်စီက မန္တလေးမြို့တွင်းပြေးဆွဲနေသည့် မီနီအိုးဝေသုံးဘီးအငှားယာဉ်များကို အဝါရောင်ဆေးပြောင်းသုတ်ရန် ညွှန်ကြားထားခြင်းကြောင့် မီးနီအိုးဝေပိုင်ရှင်များ၊ အငှားယာဉ်မောင်းများ ဆေးရောင်ပြောင်းလဲရန် ကုန်ကျစရိတ်အခက်အခဲရှိနေကြောင်း သိရှိရသည်။
အဆိုပါညွှန်ကြားချက်ကို မန္တလေးတိုင်း ယာဉ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း) က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မီနီအိုးဝေများ ဆေးရောင်ပြောင်းလဲခြင်းကို ယနေ့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ မဖြစ်မနေလုပ်ဆောင်ရမည်ဟု ၎င်းညွှန်ကြားချက်တွင် ဖော်ပြထားကြောင်း အငှားယာဥ်မောင်းများမှပြောသည်။
“ကျွန်တော်တို့ မီနီအိုးဝေမောင်းသမားအများစုက အုံနာခပေးမောင်းတဲ့သူနဲ့ အရစ်ကျဝယ်မောင်းတဲ့သူတွေ များပါတယ်။ တတ်နိုင်တဲ့သူတချို့က ဆေးအရောင်ပြောင်းကြပေမယ့် အခုကာလက စီးပွားရေးကျပ်တည်းတော့ အများစုက မလုပ်နိုင်ကြဘူး။ ညွှန်ကြားချက်ထုတ်တဲ့ မတ်လတုန်းက ဆေးမှုတ်ခက ၁ သိန်းလောက်ပဲရှိတာ။ အခုကျတော့ ၂ သိန်းခွဲလောက်ဖြစ်သွားတယ်။ အဲဒီကိစ္စ ပယ်ဖျက်၊ ဆိုင်းငံ့ပေးဖို့ အသနားခံစာတင်ဖို့ လုပ်နေကြတာလည်း ရှိပါတယ်” ဟု မီနီအိုးဝေအငှားယာဉ်မောင်းတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီနီအိုးဝေသုံးဘီးအငှားယာဉ်များမှာ ဆေးရောင်ပြောင်းလဲခြင်းအတွက် ဆေးမှုတ်ခ ၂ သိန်းခွဲကျပ်ကုန်ကျသည့်အပြင် ဆေးရောင်ပြောင်းလဲခြင်းအတွက်ပေးဆောင်ငွေ ၆ သောင်းကျပ်မှ ၇ သောင်းကျပ်ဝန်းကျင် ပေးဆောင်ရပြီး ယာဉ်သက်တမ်းတိုးခမှာ ၂ သိန်းခွဲမှ ၃ သိန်းဝန်းကျင်ရှိ၍ အခြားအထွေထွေကုန်ကျစရိတ်များဖြင့်ဆိုလျှင် ၇ သိန်းကျပ်ခန့်ရှိကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
မန္တလေးမြို့ရှိ မီနီအိုးဝေများကို အဝါရောင်ဆေးတမျိုးတည်းအဖြစ် ပြောင်းလဲခြင်းကို ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား၍ မဖြစ်မနေလုပ်ဆောင်ရမည်ဟု ထုတ်ပြန်ထားပြီး သတ်မှတ်ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိသည့်ယာဉ်များကို လုပ်ငန်းလိုင်စင်ရပ်စဲမည်ဟု ကြေညာထားသည်။
ပုံ – ကညနရုံးတခုတွင်ကပ်ထားသော ကြေညာစာ
#မန္တလေးမြို့ #မီနီအိုးဝေ #ဆေးအရောင်ပြောင်း #Ayeyarwaddy_Times