ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်း အင်းဝိုင်းကျေးရွာတွင် အထိုင်ချကာ အရှေ့ဘက်ကမ်းရှိရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် စစ်ကောင်စီ၏ ခလရ ၂၀ တပ်ကို ဇွန်လ ၂၈ ရက်နေ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စကစအရာရှိတဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့နှင့်အတူ Nighthawks ဒရုန်းအဖွဲ့က ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်က ၆၀ မမဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း Nighthawks အဖွဲ့မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ခလရ ၂၀ က အင်းဝိုင်းမှာ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ အရှေ့ဘက်ကမ်းကရွာတွေရော အနီးနားကရွာတွေကိုပါ ဒုက္ခပေးနေတာ ကြာပြီ။ သူတို့က ရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိပစ်နေလို့ ရွာသားတွေလည်း မနေရဲတော့ဘဲ စစ်ရှောင်နေရတာကြာပြီ။ ၂၈ ရက်နေ့ကတော့ အဲဒီတပ်ကို ဒရုန်းနဲ့ ၆၀ မမတွေကြဲပြီး တိုက်ခိုက်ခဲ့တာ စကစအရာရှိတယောက်အပါအဝင် ၃ ယောက်ဒဏ်ရာရသွားပါတယ်”ဟု Nighthawks အဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အင်းဝိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် ခလရ ၂၀ သည် ဇွန်လ ၂၄ ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ သက်ကယ်ကုန်းကျေးရွာကို ၆၀ မမဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦးနှင့် ၁၀ နှစ်အရွယ်ကလေးတစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆီးခုံထိမှန်ပြီး စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ ခလရ ၂၄၆ သည် ပိန်းဇလုပ်၊ ကျောက်တံခါးနှင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းတလျှောက် ကားလမ်းနှင့် ကျေးရွာများသို့ ၁၂၀ မမ စိန်ပြောင်းများ ကားဖြင့်တင်ဆောင်ကာ စစ်တောင်းမြစ်တလျှောက်ရှိကျေးရွာများကို ယခုလ ၂၁ ရက်နေ့မှစ၍ နေ့စဉ်ပစ်ခတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။

#စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #Nighthawks #ဒရုန်းတပ်ဖွဲ့ #သုံးဦးဒဏ်ရာရ #Ayeyarwaddy_Times