ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇွန် ၃၀ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နှင့် မင်းတပ်-မကွေးနယ်စပ်တို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့မှ စတင်၍ နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့၊ နံနက်ပိုင်းတို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၃ ဘက်ရှိ လုပ်ခေးကျေးရွာရှိ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၃ လုံးခန့်ပျက်စီးသွားကြောင်းသိရသည်။
“ကျွန်တော်တို့ နယ်မြေဆက်ပြီး ထိန်းချုပ်နေနိုင်တာကလည်း စစ်ကောင်စီကို တိုက်ခိုက်အောင်မြင်နေတာလို့ စစ်ရေးသဘောတရားအရ ခံယူတယ်။ ကျွန်တော်တို့ရဲ့ အခြေခံနယ်မြေတွေ မတိုးချဲ့နိုင်သေးသည့်တိုင် ရှိနေပြီးသား အခြေခံ နယ်မြေကို ထိန်းသိမ်းထားနိုင်တာကလည်း အောင်မြင်မှုတခုပါ။ ဒါကြောင့် အခုလုပ်နေတဲ့ “အားယူထပျံအောက်ချင်းအားမာန် Campaign ကာလတိုးထားတာလည်း ပြီးဆုံးတော့မှာမို့ ဆက်ပြီး အားပေးဝန်းရံကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ အခုကတည်းက Campaign မှာ ဂတိပေးထားသလိုပဲ စစ်ကောင်စီကို တိုက်စစ်ဖွင့်ပြီး စစ်ရေးရည်မှန်းချက်ကို စတင်အကောင်အထည်ဖော်နေကြပါပြီ´´ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းဌာန၊ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ရွှေအောင်သာ ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရပြီး မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်တပ်)ဘက်က တပ်ဖွဲ့ဝင်တစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။
မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းတွင် စစ်ကောင်စီက လက်ရှိအင်းအားဖြည့်တင်းနေကြောင်းသိရပြီး ၎င်းတပ်ရင်းမှ မင်းတပ်မြို့နယ်ဘက်သို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်နေသလို ဝမ္မသူးရွာဘက်လည်း လက်နက်ကြီးများဆက်တိုက် ပစ်ခတ်နေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်တပ်)က ပြောဆိုသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း အဆိုပါသတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေး။
Photo-CDF-မင်းတပ်
#ချင်းပြည် #မင်းတပ် #ချင်းကာကွယ်ရေးတပ် #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #ထိခိုက်သေဆုံး #ဘုန်းကြီးကျောင်းလူနေများပျက်စီး #Ayeyarwaddy_Times