ဧရာဝတီတိုင်းမ်
(ပဲခူးတိုင်း)၊ ဇွန်လ ၃၀ ရက်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-ပြည် လမ်းပိုင်းမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအပါအဝင် အခြားသော စစ်ဆေးရေးဂိတ်အချို့ကို ရုတ်သိမ်းလိုက်ပြီးနောက် အဆိုပါဂိတ်များမှ တပ်သားများကို စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ အင်အားဖြည့်ပို့ဆောင်ထားကြောင်း သိရသည်။

စစ်ကောင်စီက အဆိုပါစစ်ဆေးရေးဂိတ်များမှ တပ်သားအင်အားများကို စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ မြို့နယ်များတွင် လုံခြုံရေးမြှင့်တင်ရန်အတွက် အင်အားဖြည့်ပို့ဆောင်နေပြီး နတ်သံကွင်းစစ်တောင်းမြစ်ကူး တံတား ပြန်လည်ပြုပြင်နေသည့် နေရာတွင်လည်း အင်အား ၂၀၀ ကျော်ဖြည့်တင်းထားကြောင်း သိရသည်။

“ပဲခူးက အမြန်လမ်းကဂိတ်တွေ၊ အဝေးပြေးလမ်းကဂိတ်အားလုံးနီးပါးဖြုတ်လိုက်ပါပြီ။ အဲ့ဒီကအင်အားတွေကို စစ်တောင်းမြစ်အနောက်ဘက်က မြို့တွေမှာ ကာကင်းအနေနဲ့ အင်အားဖြည့်တာတွေ ထပ်ပေါင်းထည့်တာ တွေရှိတယ်။ ဂိတ်အသေးတွေကိုကျ ဝင်တိုက်ရင် သူတို့ဘက်သေတာများတော့ အင်အားလျော့တဲ့အတွက် ဖြုတ်လိုက်တာမျိုး၊ ဂိတ်အကြီးတွေက ဒီဘက်ခြမ်းကိုအင်အားဖြည့်တာမျိုးပါ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီက ဖြူးမြို့နယ်ဘက်ခြမ်းတွင်လည်း ဖြူးမြို့ကို PDF များမှဝင်ရောက်တိုက်ခိုက်မည်ဟုဆိုကာ အင်အားအများအပြားဖြည့်တင်းထားပြီး စစ်ဆေးရေးဂိတ်များမှ ပြန်လည်ခေါ်ယူထားသည့် တပ်သားအချို့လည်း ပါဝင်ကြောင်း သိရသည်။

“တစ်ချို့တိုးဂိတ်အကြီးကြီးတွေဆို ဘာမှမရှိတော့ဘူး။ ဒီတိုင်းအလွတ်ကြီးပဲကျန်တော့တယ်။ တစ်ချို့က အရပ်ဝတ်တွေနဲ့ ပိုက်ဆံတောင်းနေတာတွေရှိတယ်။ သာယာဝတီမီးနင်းချောင်းဂိတ်မှာတော့ အသက်ကြီးတဲ့ စစ်မှုထမ်းဟောင်း သုံးယောက်၊ လေးယောက်ပဲရှိတော့တယ်။ အဲ့ဒီဂိတ်ကပုံမှန်ဆို ဗိုလ်မှူးတွေကိုယ်တိုင် စစ်တဲ့ဂိတ်” ဟု သာယာဝတီဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လလယ်လောက်မှ စတင်၍ ရန်ကုန်-ပြည်လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ် အများစုကို ပိတ်သိမ်းသွားခဲ့ပြီး အရေးပါသည့် မြို့ဝင်၊ မြို့ထွက်စစ်ဆေးရေးဂိတ်များတွင် သာ စစ်ကောင်စီ တပ်သားအနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ – အင်တာနက်(ပုံအဟောင်းကိုအသုံးပြုထားသည်)။
#ပဲခူး #စစ်တောင်းမြစ်အနောက်ဘက်ကမ်း #စစ်ဆေးရေးဂိတ် #စစ်ကောင်စီ #Ayeyarwaddy_Times