ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းကြီးမြှင့်တက်မှုဒဏ်ခံနေရကာ လုပ်ခလစာနှင့် လုံလောက်မှုမရှိသည့် အထည်ချုပ်ဝန်ထမ်းများအတွက် လုပ်အားခတိုးပေးရန်ဆန္ဒထုတ်ဖော်သူများနှင့် အလုပ်သမားအရေးကူညီသူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

၂၀၁၈ ခုနှစ်အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ဖြင့် အခြေခံလူနေစရိတ်ကြီးမား လာသည့် ယခုအချိန် တွင်မည်သို့မျှလုံလောက်ခြင်းမရှိသဖြင့် အထည်ချုပ်စက်ရုံများထံ လုပ်ခလစာတိုးပေးရန် တောင်းဆိုရာတွင် မတရားအဖမ်းခံရခြင်းဖြစ်သည်။

အခြေခံလုပ်ခလစာတိုးမြှင့်ရေးအပါအဝင် အထည်ချုပ်စက်ရုံအလုပ်သများလိုအပ်လျက်ရှိသည် အကူညီများ ပေးနိုင်ရန်ခက်ခဲနေပြီး လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းထားသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ ( STUM) အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

“ အလုပ်သမားအရေးလုပ်ရတာခက်ခဲလာမယ်။ ဆူးကြားက ဗူးခါးဘဝဖြစ်နေပါပြီ။ လုပ်လက်စအလုပ်တွေ ရပ်ထားတာတစ်ပတ်ကျော်နေပြီ”ဟု ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်လာတက်မှု၊ အလုပ်သမားများ၏ အဆောင်လခအပြင်စားဝတ်နေရေး အသုံးစရိတ်များမြင့်တက်လာခြင်းကြောင့် အခြေခံလုပ်ခလစာနှင့်လောက်ငှမှုမရှိသဖြင့် တစ်ရက်လုပ်ခ ကျပ်တစ်သောင်းရရှိရန်စက်ရုံများတွင်ဆန္ဒဖော်ထုတ်မှုများရှိကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရသူများထဲတွင် အလုပ်သမားရေးအဖွဲ့ Action Labour Right (NGO)၊ ဟိုစိမ့်(မြန်မာ) နှင့် Sun Apparel Myanmar အထည်ချုပ် စက်ရုံမှ ဝန်ထမ်းများဖြစ်ပြီး ဖမ်းဆီးခံရသူ ၁၀ ဦးတွင် အမျိုးသမီး ၆ ဦးပါဝင်နေကြောင်း သိရသည်။

စစ်ကောင်စီထုတ်ပြန်ချက်တွင် Action Labour Right အဖွဲ့ကို တရားဝင်ဖွဲ့စည်းထားခြင်း မဟုတ်သော အဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်း ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေခြင်းဟုရေးသားထားသဖြင့် မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူနိုင်ကြောင်း ခန့်မှန်းရေးသား ချက်ရှိ သော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်နှစ်က စစ်ကောင်စီပြင်ဆင်လိုက်သည့်အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာဥပဒေ ပုဒ်မ ၃၃ တွင် မှတ်ပုံတင် လက်မှတ်မရှိဘဲအသင်းဖွဲ့စည်းလှုပ်ရှားခြင်းမပြုရဟုပါဝင်ရာ ဥပဒေချိုးဖောက်ပါက ထောင်ဒဏ်သုံးနှစ် (သို့) ကျပ် ဆယ်သိန်းထပ်မပိုသောငွေဒဏ်ချမှတ်ခံရကြောင်းပြဌာန်းထားသည်။

လုပ်ခလစာတိုးတောင်ရေး ဆန္ဒထုတ်ဖော်သည့် အထည်ချုပ်ဝန်ထမ်းများအဖမ်းခံပြီးနောက်တွင် အထည်ချုပ် လုပ်ငန်းများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှပ်နှံမှုဆက်မလုပ်ရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက တွန်းအားပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အချုပ်ချုပ်စက်ရုံဆင်းအလုပ်သမားများ

#အထည်ချုပ် #ဝန်ထမ်း #မတရားဖမ်းခံရ #လုပ်ခလစာ #ZARA #H&M #primark
#Ayeyarwaddy_Times