ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

KNU တပ်မဟာ ၃ နယ်မြေ၊ ရွှေကျင် ကျောက်ကြီးမြို့နယ်များမှ ကျေးရွာများအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသည့်အပြင် အချို့ကျေးရွာများတွင်တပ်စွဲကာ အရပ်သားပစ်မှတ်များကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရှိရသည်။

ထို့အပြင် တပ်မဟာ ၃ နယ်မြေအတွင်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု၊ ကျေးရွာများကိုပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်မှု၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးမှု၊ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် ဈေးများလည်း ပိတ်ထားရသည့်အတွက် စားသောက်ကုန်များလည်း အဆမတန်ဈေးမြင့်တက်နေသည်ဟု ဒေသခံများမှ ပြောသည်။

“စစ်ကောင်စီတပ်တွေက တပ်မဟာ ၃ နယ်ထဲက ရွာတွေထဲ ဝင်လာပြီဆို နေရဲတဲ့သူမရှိတော့ဘူး။ သူတို့က ထင်တိုင်းလုပ်နေတာနဲ့ အသက်ဘေးစိုးရိမ်လို့ အကုန်ပြေးရတယ်။ အခုဆို ဒီဒေသမှာ စစ်ရှောင်ပြည်သူတင် ၃ သောင်းကျော်ဖြစ်နေပြီ။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မိုးတွင်းဖြစ်နေလို့ စစ်ရှောင်တွေရဲ့ စားရိက္ခာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးကလည်း ရှားပါးတာမို့ အခက်အခဲတွေကြုံနေရပါတယ်” ဟု စစ်ဘေးရှောင်ဒေသခံ တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ရွှေကျင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ်တောင်းမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းမှ ဒေသခံများမှာ စစ်ဘေးရှောင်နေရသည့်အတွက် လယ်ယာမလုပ်နိုင်ခြင်း၊ စိုက်ပျိုးပြီး လယ်ယာများ မပြုစုနိုင်၍ ပျက်စီးဆုံးရှုံးခြင်းများရှိနေသည့်အပြင် လယ်ဧက ၁ သောင်းကျော်လည်း စိုက်ပျိုးခြင်းမပြုနိုင်ခဲ့သည့်အတွက် ရေရှည်တွင် ပိုမိုခက်ခဲလာနိုင်သည်ဟု ၎င်းမှဆက်လက်ပြောဆိုသည်။

ကျောက်ကြီးနှင့် ကျောက်တံခါးမြို့နယ်အစပ်ရှိ ဗောဓိကွင်းကျေးရွာကို စစ်ကောင်စီ၏ ခမရ ၂၄၆ က ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အမျိုးသား ၂ ဦးသေဆုံးပြီး သင်္ဃန်းချောင်းကျေးရွာမှ အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပုံ – Karen National Union, CJ
#ကျောက်ကြီး #စစ်ဘေးရှောင် #၃သောင်းကျော် #ရိက္ခာနှင့် ဆေးဝါးလို #Ayeyarwaddy_Times