ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဇူလိုင် ၆ ရက်

ချင်ပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က နေရာယူထားသော တပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ၊ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်းအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ချင်းကာကွယ်ရေးတပ်စခန်းတစ်ခုကို လက်လွှတ်ခဲ့ရ ကြောင်းသိရသည်။

ဟားခါး-ထန်တလန်ကြားရှိ သီမစ်လွင်ပြင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ က နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဟားခါးမြို့ပေါ်မှ ပစ်ခတ်သော လက်နက်ကြီး ကြောင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

“ကျွန်တော်တို့ နေရာယူထားတဲ့ ကုန်းတစ်ကုန်းကို စစ်ကြောင်းလာထိုးတာပေါ့နော်။ နံနက် ၁ နာရီခွဲမှာ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အဲ့ဒါပြီးရင် ဟားခါးမြို့ကနေ လက်နက်ကြီး ၁၂၀-မမနဲ့ ဆက်တိုက်ပစ်ခတ်တာပေါ့နော်။ အဲ့ဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်း တစ်ယောက်လည်း ကျဆုံးသွားတယ်။ ပြီးတော့ အဲ့ဒီကုန်းမှာ နေဖို့တော်တော် ခက်နေပြီဆိုတော့ စစ်ကြောင်းလာထိုးတဲ့ စစ်ကောင်စီတပ်တွေက အခုနေရာကို ယူသွား တာပေါ့။ ဆုံးရှုံးမှုတော့ သိပ်မရှိပါဘူး။ ရိုင်ဖယ်တစ်လက်တော့ ဆုံးရှုံးသွား ပါတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ အတိအကျသိရှိရခြင်းမရှိဘဲ လက်ရှိတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။

“စစ်ကောင်စီရဲ့ နယ်စပ်စခန်းက ထန်တလန်မြို့နယ်မှာရှိတဲ့ တပ်ကုန်းတစ်ခုပဲ ကျန် တော့တယ်လို့ ပြောလို့ရတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တော်တော် လေးတောင့်တင်းလာတယ်။ ပြီးတော့ အင်အားလည်း တနေ့ပြီးတနေ့ ပိုမိုတိုးများ လာတယ်ဆို‌တော့ သူတို့က ဒီနေရာကိုလည်း ထိန်းချုပ်ချင်လို့ အခုလို လေကြောင်း၊ ကုန်းကြောင်းအင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ မြင်တယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဆိုသည်။

သီမစ်လွင်ပြင်တွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့မှ စတင်၍ စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ထိုးစစ်ဆင်လာမှုကြောင့် တစ်လကျော်နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးကြောင့် ချင်း ကာကွယ် ရေးတပ်ဖွဲ့ဘက်က ကျဆုံးဒဏ်ရာရရှိသူ များပြားသလို စစ်ကောင်စီဘက်ကလည်း ၅၀ နီးပါးခန့် သေဆုံးနိုင်ကြောင်းသိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သော သီတာနားနေစခန်း။
#ဟားခါး #ထန်တလန် #သီးမစ်တိုက်ပွဲ #ချင်းကာကွယ်ရေးတပ်ဖွဲ့ #လေကြောင်း #ကြည်းကြောင်း #စစ်ကောင်စီထိုးစစ်ဆင် #ချင်းကာကွယ်ရေးတပ်စခန်း #လက်လွှတ် #Ayeyarwaddy_Times