နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်သည် တရုတ်လွှမ်းမိုးမှု ပါသည်ဟု သုံးသပ်မှုများရှိသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့သည် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန် ကြေညာချက်တစ်စောင်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် အချက် ၈ ချက် ပါဝင်နေကြောင်း သိရသည်။

ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးဟူသည့် မွန်မြတ်သော တာဝန်ဝတ္တရားကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် မိမိတို့၏ ထိန်းချုပ်နယ်မြေများနှင့် လှုပ်ရှားနယ်မြေများအတွင်း၌ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်ရန်အတွက် တက်တက်ကြွကြွနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

“အဲဒီဒေသဘက်မှာ အများဆုံးမြှုပ်နှံနေတာကတော့ တရုတ်ပေါ့။ တရုတ်ရဲ့ ပရောဂျက်တွေ အများကြီးရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲလိုမျိုးဟာတွေ ရှိနေတဲ့အချိန်မှာ ထုတ်ပြန်တယ်ဆိုတော့ တရုတ်ရဲ့ လွှမ်းမိုးမှု ပါတယ်လို့ ယူဆလို့ရတယ်။ ပြီးတော့ အဲဒီဒေသမှာရှိတဲ့ ပရောဂျက်တွေရဲ့ အကျိုးသက်ရောက်မှုပေါ်မှာ သူတို့ ယူဆပြီးတော့ ဒါကို အကာအကွယ်ပေးဖို့လည်း စဉ်းစားထားပုံ ရတယ်လို့ မြင်မိတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါအချက် ၈ ချက်ထဲတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသော စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာအရေးယူဆောင်ရွက်သွားဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့်ပြစ်မှုများ ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်သည်။

ထို့အပြင် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေနိုင်သော အကြမ်းဖက်လုပ်ရပ်များနှင့် ကျူးလွန်သူများကို မည်သည့်အခါတွင်မျှ အားမပေးဘဲ တားဆီးကာ တိုက်ဖျက်ချေမှုန်းသွားဖြစ်ပြီး ရာဇ၀တ်မှုကျူးလွန်သည့် လုပ်ရပ်များနှင့် ပတ်သက်သော ပစ္စည်းဥစ္စာများကို ဥပဒေနှင့်အညီ ထိန်းသိမ်းပြီး စစ်ဆေးကာ နည်းမှန်လမ်းမှန် အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသော တရုတ်ပရောဂျက်များသည် ကိုဗစ်ကာလကြောင့် ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ဘဲ ရပ်နားခဲ့ရကာ ကြန့်ကြာမှုများ ရှိနေသည့်အတွက် ပြန်လည်စတင်ရန် ဆန္ဒသဘောထား ရှိသလို အခြားပတ်သက်သည့် နိုင်ငံများအနေဖြင့်လည်း ပရောဂျက်များ ပြန်လည်အသက်သွင်းရန် ဆန္ဒများရှိနေကြောင်း ပေါ်လွင်နေသည်။

“အခုလက်ရှိ အခြေအနေမှာ အဲဒီလိုမျိုး ပရောဂျက်တွေ လုပ်ဖို့အတွက်က ဆန္ဒရှိနေပေမယ့် မြန်မာနိုင်ငံမှာ မတည်ငြိမ်တဲ့ နိုင်ငံရေးအရ ဖြစ်ပျက်မှုတွေကြောင့်မို့ သူတို့ ဒီပရောဂျက်တွေ ကြန့်ကြာမှုတွေ ဖြစ်နေတယ်ဆိုတာလည်း သူတို့နားလည်တယ်။ အဲအတွက်ကြောင့်မို့လို့ ဒီဟာတွေကို ပြန်စနိုင်ဖို့အတွက်၊ နောက်မြန်မာနိုင်ငံ ပြည်တွင်းရေးကိစ္စ၊ အဲဒါနိုင်ငံရေးအရ အဖြေရှာလို့ မရဘူးဆိုရင် တဖက်က စီးပွါးရေး၊ လူမှုရေး ချိတ်ဆက်မှုအရ သူတို့အဖြေရှာလို့ ရမလားဆိုတဲ့ဟာလည်း စဉ်းစားနေကြပုံရတယ်။ အဲဒါတွေကြောင့်မို့ ဒီလိုမျိုး ဖြစ်တယ်လို့ ယူဆလို့ရပါတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။

ယင်းအပြင် အကြမ်းဖက်လုပ်ရပ်အား ကျူးလွန်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများအား အကာအကွယ်ပေးနေသူများကို ဖြိုခွင်းတိုက်ဖျက် အရေးယူသွားမည်ဖြစ်ပြီး လူကုန်ကူးခြင်းနှင့် အတင်းအဓမ္မ လုပ်အားခိုင်းစေသူများကိုလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဟု ပြောထားသည့်အတွက် တရုတ်ကို သာ ရည်ရွယ်ခြင်းမဟုတ်ကြောင်း၊ အခြား ရင်းနှီးမြှုပ်နှံမှုများလည်း ရှိကောင်းရှိနိုင်ကာ ထိုရင်းနှီးမြုပ်မှုများကို ဖျက်လိုဖျက်ဆီး လုပ်သူသည် အာဏာသိမ်း စစ်ကောင်စီလည်း ဖြစ်နိုင်သလို မကျေနပ်ချက်အရ လုပ်ဆောင်နေသော PDF အဖွဲ့များလည်း ဖြစ်နိုင်ကြောင်း ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဒါကြောင့် ဒီကိစ္စအပေါ်မှာတော့ သူတို့ဘက်က ဘာပဲပြောပြော ဒီလိုပြောခြင်းဟာ နိုင်ငံတကာ အကူအညီအထောက်အပံ့တွေ၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကို ပြည်တွင်းထဲမှာပေါ့နော်။ အနှောင့်အယှက် မဖြစ်စေချင်တဲ့ သဘောလို့ ကျွန်တော်တို့ ယူဆလို့ရတယ်။ တရုတ်အပါအဝင် အခြားရင်းနှီးမြုပ်နှံတဲ့ သူတွေကိုလည်း ပြောတာဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော သူတို့အနေနဲ့ ဒေသရဲ့ အကျိုးအတွက်ဖြစ်စေ၊ ရေရှည်အကျိုးအတွက်ဖြစ်စေ၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ဖြစ်စေ ဒီလိုထုတ်ပြန်တယ်လို့ပဲ ကျွန်တော်နားလည်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လက “အသေးစိတ် ဖြေကြားဖို့ မရှိပါဘူး” ဟု ဧရာဝတီတိုင်းမ် ပြောသည်။

“ဒီကိစ္စကတော့ သိပ်ပြီးတော့ ထူးခြားမှု မရှိဘူးလို့ ကျွန်တော်မြင်တယ်။ နောက်ကွယ်က pressure ပေးမှုတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဘယ်လိုပဲပြောပြော ဒါက ကိုယ့်ဒေသမှာ ရင်းနှီးမြုပ်နှံမှု တည်ဆောက်လာတဲ့ အဖွဲ့အစည်းတွေကို ကာကွယ်ပေးရမယ့် တာဝန်တွေကလည်း ဒေသကို စိုးမိုးထားတဲ့ အဖွဲ့တွေရဲ့ တာဝန်ဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ရပ်အပေါ်မှာ ကျွန်တော်တို့ ဘာမှ နိုင်ငံရေးပယောဂ ပုံစံမျိုး မမြင်ဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် အဲဲဒီအဖွဲ့အစည်းတွေမှာ လိုလားလို့ အဲလိုထုတ်ပြန်တယ်လို့ပဲ ကျွန်တော်အနေနဲ့ မြင်ပါတယ်” ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှအကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သောသူများကို တွေ့ရှိပါက ၎င်းတို့ထံ အချိန်မီ သတင်းပို့ကြပါရန် မေတ္တာရပ်ခံထားပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် မိမိတို့ တော်လှန်ရေး အဖွဲ့အစည်းများအပေါ် အားပေးထောက်ခံကြသော သူများအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များအား ချေမှုန်းရေးလုပ်ငန်းများတွင် အတူတကွတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်လည်း အထူးတိုက်တွန်းထားသည်။

#မြောက်ပိုင်းသုံးဖွဲ့ #ထုတ်ပြန်ချက် #တရုတ်လွှမ်းမိုးမှု #သုံးသပ် #Ayeyarwaddy_Times