ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်၊ မန္တလေး၊ မကွေးဆေးတက္ကသိုလ်များမှ Non CDM ဆေးကျာင်းသား ၆၀၄ ဦးကို ဒုတိယအကြိမ်အဖြစ် အလုပ်သင်ဆရာဝန် တာဝန်ထမ်းဆောင်ရန်စေလွှတ်ထားပြီ ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များမှ နောက်ဆုံးစာသင်နှစ်ကို သင်ကြားပြီးစီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၆၀၄ ဦးကို အလုပ်သင်ဆရာဝန်အဖြစ် စတင်ခန့်အပ်ခဲ့ပြီး သက်ဆိုင်ရာဆေးရုံများတွင် ယခု ဇူလိုင်လမှစတင်ပြီး တစ်နှစ်တာဝန်ထမ်း ဆောင်ရ မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health, Myanmar) က ထုတ်ပြန်ထားသည်။
“တော်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေလည်း CDM လုပ်ထားတယ်။ ဆရာ၊ ဆရာမ အပြည့်နဲ့ ဆေးရုံလည်ပတ်တုန်းကတောင် workload မနိုင်ဖြစ်နေတာကို။ ဆရာဝန် အငယ်တွေလည်း လောက်လောက်ငှငှမရှိတဲ့အချိန်မှာ ဆေးရုံမှာ ဘယ်လို စာသင်ပြီး ဘယ်လို အရည်းအချင်း (Quality Control) နဲ့အောင်လာလဲ စဉ်းစားကြည့်ယုံနဲ့တင် လူနာတွေအတွက် အတော်ကြောက်စရာကောင်းနေပြီ။ တစ်ခါမှ အတန်းမမှန်တဲ့ သူတွေကလည်း အောင်ဆိုတော့ ပြည်သူတွေ ကျန်းမာရေး ပိုဂရုစိုက်ကြပါလို့ဘဲ ပြောချင်ပါတယ်” ဟု နောက်ဆုံးနှစ် (Final year) CDM ဆေး တက္ကသိုလ်ကျောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၂၀၂၂ ခုနှစ် နှစ်စတွင် စစ်ကောင်စီက ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကို ပြန်လည်ဖွင့်လှစ်ပြီးနောက် တက်ရောက်သူအနည်း ငယ်ကို ပထမအကြိမ်အလုပ်သင်ဆရာဝန် (House Surgeon) ခန့်အပ်ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ယခုကဲ့သို့ ဒုတိယအကြိမ် အနေဖြင့် အလုပ်သင်ဆရာဝန် ၆၀၀ ကျော်ကို ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်သည်။
“အခုအလုပ်သင် ဆင်းနေတဲ့သူတွေထဲမှာ မိသားစုကဖိအားပေးတာရှိမယ်။ ဘဝ ရှေ့ရေး အတွက်ရွေးချယ်တဲ့သူတွေရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဒီလို တာဝန်ထမ်း ဆောင်တဲ့ အပေါ်ကို ကျွန်တော်တို့လိုမြေပြင်မှာ ဆေးကုသပေးနေတဲ့CDMဆရာဝန်တွေ၊ တိုက်ပွဲ ဝင်နေတဲ့ ဆေးကျောင်းသားတွေ အနေနဲ့မမုန်းဘူးပေါ့နော်။ အရေးယူပါလို့လည်း တိုက်တွန်းတာမျိုးမရှိပါဘူး။ စစ်ကောင်စီ လက်အောက်မှာ လက်ခံပြီးအလုပ် လုပ်တာပဲ။ သူတို့ရဲရပ်တည်ချက်က ဓမ္မဘက်မှာမရှိဘူးဆိုတာတော့ ပေါ်လွင်တာပေါ့။ ဒါကို ကျွန်တော်တို့အနေနဲ့ ဝမ်းနည်းစွာလမ်းခွဲတယ်လို့ပဲ ပြောလိုပါတယ်။ ကျွန်တော်တို့ အနေ နဲ့ရော၊ တခြားကမ္ဘာ့နိုင်ငံအသီးသီးက အဖွဲ့စည်းတွေကရော စစ်ကောင်စီ လက်အောက် ကမောင်မယ်သစ်လွင်ဆရာဝန်တွေကို ကြိုဆိုမှာတော့မဟုတ်ပါဘူး” ဟု တော်လှန်ရေး တပ်ဖွဲ့များ ကိုဆေးကုသမှုပေးနေသည့် CDMဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းထားသည့် ၂ နှစ်ကျော်ကာလအတွင်းတွင် CDM ဆရာဝန် ၅၅၀ နှင့်အထက်ကို ဆေးကုသခွင့်(ဆမ)လက်မှတ်ကို ရုတ်သိမ်းခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၇၁ ဦးသတ်ဖြတ်ခြင်းခံရကာ ၈၃၆ ဦးမှာဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန
#စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန #ဆေးတက္ကသိုလ်ကျောင်းသား #စေလွှတ် #အလုပ်သင်ဆရာဝန် ၆၀၀ကျော် #Ayeyarwaddy_Times