ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ပြည်တွင်းဂျင်းဈေးမြင့်တက်ပြီးနောက်ပိုင်း တောင်သူများဂျင်းစိုက်ပျိုးရာတွင် ဂျင်းမျိူး ဈေးကြီး ပေးဝယ်စိုက်ပျိုးနေရပြီး လက်ရှိဂျင်းစိုက်တောင်သူများလာသဖြင့် လာမည့် ဆောင်းရာသီတွင် ဂျင်းဈေးကျနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဂျင်းစိုက် တောင်သူများထံက သိရသည်။
လက်ရှိတွင် ဂျင်းဈေးကောင်းသဖြင့် ဂျင်းမျိုးကို ဈေးမြင့်ပေးကာ ဝယ်စိုက်နေရပြီး မြေဩဇာ ဈေးမြင့်ခြင်း၊ အလုပ်သမားခဈေးမြင့်ခြင်းအပါအဝင် ဂျင်းစိုက်ပျိုးရေး အတွက် ကုန်ကျစရိတ် မြင့်တက်လျက်ရှိကြောင်း တောင်သူများက ဆိုသည်။
“လှောင်သူတွေပဲ အမြတ်ရတယ်ပြောကြတယ်။ တောင်သူတွေက နည်းနည်းခံစားရယုံပဲ။ ဈေးတက်တော့ဒီနှစ်ဂျင်းအစိုက်ပြန်များနေတယ်။ အခုကာလစိုက်ကြပြီး ဆောင်းဦး ပေါက်ရင်တူးကြတယ်” ဟု ရှမ်းပြည်တောင်ပိုင်းမှ ဒေသခံတစ်ဦးက ဧရာ၀တီ တိုင်မ်းကို ပြောသည်။
၂၀၂၂ ခုနှစ် နွေရာသီတွင် ဂျင်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်ကျင်းသာရ၍ ဂျင်းစိုက် တောင်သူများအရှံးများခဲ့သော်လည်း ၂၀၂၃ ခုနှစ် နှစ်စတွင် ဂျင်းဈေး ပြန်လည်တက်လာ၍ ယခုအချိန် တွင်ဂျင်းစိုက်သူတောင်သူ ပြန်လည် များလာခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ဂျင်းစိုက်တောင်သူများအရှုံးပေါ်၍ ဂျင်းစိုက်ပျိုးမှုလျော့နည်းချိန်တွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံကအဝယ်များချိန်နှင့် တိုက်ဆိုင်၍ ပြည်တွင်း ဂျင်းဈေးမြင့် တက်ရခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်လပိုင်းအတွင်းက ရန်ကုန်ဈေးကွက်အတွင်း ဂျင်းတစ်ပိသာလျှင် ကျပ် ၁၂,၀၀၀ ကျော်အထိဈေးမြင့်တက်ပြီး နောက် ယခုရက်ပိုင်းအတွင်း ဂျင်းတစ်ပိသာလျှင် ကျပ် ၄,၀၀၀ မှ ၄,၅၀၀ ကြားအထိ ဈေးနှုန်းပြန်လည် ကျဆင်းလာကြောင်း ညောင်ပင်လေးဈေးပလာဇာမှ စုံစမ်းသိရသည်။
၂၀၂၀- ၂၀၂၁ ခုနှစ်တွင် ချင်း (ဂျင်း) စိုက်ပျိုးထွက်ရှိမှုအနေဖြင့် တန်ချိန် ၈၂၀၀၀ ကျော်ရှိရာ ပြည်တွင်စားသုံးမှုနှင့် နိုင်ငံခြားတင်ပို့လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသော ဂျင်းများကို တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ယီမင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူနှင့် အာရပ်စော်ဘွားပြည်ထောင်စု နိုင်ငံများထံတင်ပို့မှုများရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန ထံကသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်စာမျက်နှာ
#ဂျင်းမျိုးဈေးကြီး #စိုက်ပျိုးသူများလာ #ဆောင်းရာသီ #ဂျင်းစျေးကျနိုင် #Ayeyarwaddy_Times