ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၆ ရက်
တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့အခြေစိုက် ခမရ (၄၀၉) ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးဦး တပ်ကိုစွန့်ခွာထွက်ပြေးသွားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲဝင် ၃ ဦးသည် ကင်းစောင့်နေရင်း ယမန်နေ့ ဇွန်လ ၅ ရက် နံနက် ၄ နာရီဝန်းကျင်က တပ်ကိုစွန့်ခွာထွက်ပြေးသွားခြင်း ဖြစ်ကြောင်းသိရသည်။
“ထွက်ပြေးတာက သုံး ယောက်ပါ။ လက်နက်တွေတော့ပါမသွားကြဘူး။ တပ်ထဲမှာ ကင်းစောင့်နေကြတယ်။ကင်းစောင့် နေရင်း နဲ့ ထွက်ပြေးသွားကြတာ။ ကင်းချိန်းဖို့ ရောက်လာတဲ့ အချိန်မှာ သူတို့(စစ်ကောင်စီတပ်သား)တွေမရှိတော့ဘူး။ တစ်နေ့လုံး လည်းရှာနေတာ နေရာအနှံ့ဖြစ်သွားပြီမတွေ့ဘူး။ အခုတပ်ထဲမှာ လုံခြုံရေးတင်းကျပ် ထားလိုက်ပြီ” ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် ကလိန်အောင်မြို့အခြေစိုက် ခမရ (၄၀၉) တပ်ရင်း မှ စစ်ကောင်စီတပ်သားများသည် တပ်တွင်းလုံခြုံရေး တင်းကျပ် ထားကာ စစ်တပ်မိသားစုဝင်များကိုလည်း အပြင်သို့ (လုံးဝ) ထွက်ခွင့် မပြု တော့ကြောင်း သိရသည်။
ထို့ပြင် ကလိန်အောင် နှင့် ကျောက်ရှပ်ရွာတို့တွင် ကင်းပုန်းများဝပ်ကာ စစ်ကြောင်း ထိုးခြင်း၊ တောနင်းခြင်းများကိုပြုလုပ်၍ လုံခြုံရေး များအပြည့်ချကာ နေရာယူထား ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ထွက်ပြေးသွာသည့် ခမရ (၄၀၉) တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးဦးကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် ကလိန်အောင်မြို့နှင့် အနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ တောနင်း၍အပူတပြင်းရှာဖွေနေသော်လည်း ယနေ့အချိန်အထိ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် နှင့် ဇူလိုင် ၃ ရက်နေ့များကလည်း မောရဝတီရေတပ်က အရာရှိ၊ တပ်ကြပ်၊ ဒုတပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးတစ်ဖွဲ၊ ၁၂ ဦးတစ်ဖွဲ့ ၊ သုံးဦး တစ်ဖွဲ့ စုစုပေါင်း ၄၂ ဦးသည် လက်နက်များနှင့်အတူ တပ်ကို စွန့်ခွာထွက်ပြေးခဲ့ပြီး ထွက်ပြေးလာသူအားလုံးကို လွတ်မြောက်နယ်မြေ အသီးသီးပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများ ထံကသိရသည်။
ဓာတ်ပုံ- ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#တနင်္သာရီတိုင်း #ကလိန်အောင်အခြေစိုက် #ခမရ၄၀၉တပ်ရင်း #စစ်ကောင်စီတပ်သား၃ဦး #ထွက်ပြေး #၄၅ဦးရှိလာ #Ayeyarwaddy_Times