နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
အာဏာသိမ်း စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်ထားသည့် ကရင်နီပြည်နယ်တွင် နိုင်နင်း သည်ဆိုသောပုံစံဖြင့် ၎င်းတို့၏လက်အောက်ခံဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ဒီအဲန်အေ အပါအဝင် ကိုယ်ရေးအချက်အလက်များ ကောက်ယူနေပြီး ထိုအရာသည် တော်လှန်ရေးအင်အားစု စာရင်းကို တစ်ဖက်လှည့်ဖြင့် ရယူနေခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် လေ့လာသူ များထံက သိရသည်။
ကရင်နီပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေး အချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ UID နံပတ် ထုတ်ပေးခြင်း လုပ်ငန်းများကို ဇူလိုင်လ ၄ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ အချက်အလက်များ ကောက်ယူနေမှုသည် တော်လှန်ရေးအင်အားစု စာရင်းကို တစ်ဖက်လှည့် ရယူရန် အကြောင်းပြခြင်းသာဖြစ်ပြီး အိမ်ထောင်စုများတွင် စာရင်းရှိ၍ လူမရှိ၊ လူမပြနိုင်သည့် အခြေအနေများကြောင့် နောက်ဆက်တွဲအနေဖြင့် ကရင်နီ ဒေသခံအချို့ ဖမ်းဆီးခံရမှုများ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF) အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦး လေးက ဆိုသည်။
“ဇီဝဆိုင်ရာဆိုတာ ဒီအဲန်အေကို ပြောတာ၊ မြန်မာနိုင်ငံအနေနဲ့ ဒီအချက်အလက်က လက်ရှိအနေအထားနဲ့ဆို အတိအကျ ကောက်ယူနိုင်ဖို့ ခက်တယ်။ ငွေကြေး မပြည့်စုံမှုနဲ့ နည်းပညာ အကူအညီ ပြည့်ပြည့်စုံစုံ မရှိမှုတို့ကြောင့် မဖြစ်နိုင်သေးဘူးလို့ ယူဆရမှာပဲ။ လူတစ်ယောက်ကို ID နံပတ် တစ်ခုတည်းနဲ့ ကားလိုင်စင်ကော၊ နိုင်ငံသား စိစစ်ရေးကော၊ ဘဏ်အကောက်ကော ဒါမျိုးဖြစ်အောင် ပထမဦးဆုံး ပိုက်လော့ ပရောဂျက် အရင်လုပ်ကြည့်ပါဦး။ ဒီစနစ်မျိုးကို ထိုင်းကတောင် မလုပ်နိုင်သေးဘူး“ ဟု NPLUF အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦး လေးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရာတွင် ပိုမိုလွယ်ကူလျင်မြန်လာစေရန် ပြည်နယ်အတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများတွင် မည်သူ မည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သော အခြေခံစနစ်ကို တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးရမည်ဟု စစ်ကောင်စီခန့် ပြည်နယ် ဝန်ကြီး ချုပ်က ဆိုထားသည်။
“ဒီအချိန်ကျမှ ဖြစ်လာတာက ဒီပြည်နယ်ရဲ့ ထူးခြားတဲ့ ဝိသေသကြောင့်ပေါ့နော်။ ကျွန်တော် သိရသလောက်ကတော့ ဒါတွေအားလုံးက သူတို့(စစ်ကောင်စီ)ရဲ့ လုံခြုံရေး ဆိုဒ် တစ်ခုတည်းနဲ့ ကောက်တာပဲ။ သူတို့နိုင်နင်းတယ်ဆိုတဲ့ ပုံစံနဲ့ အချက်အလက်ကို ဟန်ပြ ကောက်တာက သွေးရိုးသားရိုးတော့ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” ဟုတောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့အပြင် e-ID စနစ်သည် e-Government Application များနှင့် တွဲဖက် အသုံးပြုနိုင်ရေးအတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ပြီး ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ SIM Card မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကဒ်၊ ယဉ်မောင်းလိုင်စင် စသည့် ဝန်ဆောင်မှု လုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထား နိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဟု စစ်ကောင်စီက ဆိုထားသည်။
“ဒီပြည်နယ်က တိုင်းနဲ့ပြည်နယ်အားလုံးထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့နေရာမှာ နံပါတ်တစ်ဖြစ်တယ်။ ပြီးတော့ ပြည်နယ်သေးသေးလေးနဲ့ အတိုင်ပင်ခံကောင်စီ၊ အုပ်ချုပ် ရေးကောင်စီတွေ ဖွဲ့လာနိုင်တယ်။ သူတို့(စစ်ကောင်စီ)က ဒီပြည်နယ်ကို ဘယ်လို နည်းနဲ့ဖြစ်ဖြစ် လက်လွတ်ခံလို့လည်း မဖြစ်သလို နိုင်နိုင်နင်းနင်းနဲ့ ကိုင်တွယ် နိုင်မှ ဖြစ်မယ်။ အဲအတွက် ဒီပြည်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက် အားလုံးကိုလည်း သူတို့ ဒီထက်ပိုပြီးတော့ သိချင်တာတွေလည်း ရှိမယ်ပေါ့နော်” ဟု ဦးဇော်ရန်းက ပြောသည်။
လက်ရှိတွင် ကရင်နီပြည်ကို အာဏာသိမ်း စစ်ကောင်စီက မြေပြင်နှင့် ဝေဟင်တို့မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးမှုများရှိသလို လက်နက်ချ အလင်းဝင်ရောက်မှုများလည်း ရှိနေပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံး လျက်ရှိသည်။
ပုံစာ-ကရင်နီတွင် စစ်ကောင်စီက အချက်အလက် ကောက်ယူနေပုံ
#ကရင်နီပြည် #စစ်ကောင်စီလက်အောက်ခံ #ဝန်ထမ်းနှင့်မိသားစုများ #ဒီအဲန်အေ #အချက်အလက်ကောက်ယူ #တော်လှန်ရေးအင်အားစုစာရင်း #Ayeyarwaddy_Times