ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
နှစ်လနီးပါးကြာမြင့်နေသည့်အထိ မိုခါမုန်တိုင်းတိုက်ခိုက်ခံရသောဒေသများတွင်ထိရောက်သောကူညီကယ်ဆယ် ရေးများမရရှိသေးသဖြင့် မုန်တိုင်းသင့်ဒေသခံများထံကူညီပေးနိုင်ရေးအတွက် UNOCHA နှင့် စစ်ကောင်စီတို့ကြား သုံးမြောက်တွေ့ဆုံဆွေးနွေးပြီးသည့်အထိ နိုင်ငံတကာအကူညီများပေးနိုင်ရေးခွင့်ပြုချက်မရရှိသေးကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်ထိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) နှင့် ပြည်ထောင်စု အဆင့်အပါအဝင် ပြည်နယ်အဆင့်စစ်ကောင်စီအဖွဲ့ဝင်များနှင့်ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်တွင်းကူညီပေးခွင့် မရသေးကြောင်း သိရသည်။
ဇူလိုင် ၄ ရက်နေ့က UNOCHA ယာယီအကြီးအကဲဖြစ်သူ Mrs. Danielle Parry က စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်တွေ့ဆုံကြောင်းသိရသည်။
ထို့ပြင်ရခိုင်ပြည်နယ်ရှိမုန်တိုင်းသင့်သူများ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်လိုသည့် အကြောင်း၊ OCHA ဝန်ထမ်းများကိုပြည်ဝင်ခွင့် ဗီဇာပေးရေးနှင့် ခရီးသွားလာခွင့်ရရှိရန် ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က တောင်းဆိုထားကြောင်း သိရသည်။
“ စစ်တပ်က ခွင့်ပြုထားတဲ့ခရီးသွားခွင့်ယာယီဆိုင်းငံ့ထားလို့ လူမှုကယ်ဆယ်ရေးအကူအညီ တွေဖြန့်ဝေတာနဲ့ ဝင်ရောက်ကူညီခွင့်ပိတ်ထားလို့လုပ်ငန်းတွေထိခိုက်နေပါတယ်။ ဒီလိုရုတ်တရက်ဆုံးဖြတ်ချက် က မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေကိုပြင်းထန်တဲ့အကျိုးဆက်တွေရှိနေပါတယ်။ လိုအပ်ချက်တွေများပြား နေတဲ့ဒေသခံတွေဆီကူညီခွင့်ရဖို့ နေပြည်တော်နဲ့ ပြည်နယ်အဆင့်အာဏာပိုင်တွေနဲ့ဆွေးနွေးနေတယ် ” ဟု UNOCHA ၏ ဇွန်လ ၂၂ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန် ၁၅ စစ်တွေမြို့၌ ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr.Ramanathan Ba-lakrishnan ဦးဆောင်သည့်အဖွဲ့ နှင့် စစ်ကောင်စီခန့်ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာသက်သက်ခိုင်တို့ဖြင့်တွေ့ရာတွင် ရခိုင်ပြည်နယ်အတွင်း ကူညီခွင့်ရရေးတောင်းဆိုလျက်ရှိကြောင်း သိရသည်။
ယင်းပြင် မေ ၃၁ ရက်နေ့တွင် နေပြည်တော်၌ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ယာယီအကြီးအဲ Mrs. Danielle Parry နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့တွေ့ဆုံပြီး မိုခါမုန်တိုင်းဒဏ်သင့်ဒေသများထံကူညီပေးနိုင်ရေးညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
“ အခုထိတော့ဘယ်ကမှ ကူညီထောက်မှုသေချာမရဘူး။ အမိုးတွေအကုန်ပျက်စီးကုန်တာဆိုတော့ အခုတာလပတ်အမိုးတွေမိုးနေကြတယ်။ တာလပတ်ဆိုတော့သိတဲ့အတိုင်းပဲ မိုးယိုတယ်။ ဒီကလူတွေတော့ ဒီအတိုင်းပဲနေရမှာပဲ။ ဘာမှလည်းလုပ်စရာမရှိ နောက်ထပ်တစ်နှစ် နှစ်နှစ်လောက်ခက်ခဲနေကြမှာပဲ ” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
မိုဒါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရခိုင်ပြည်နယ်အတွင်းခွင့်ပြုချက်များကို အလျင်အမြန်ပြန်လည် ခွင့်ပြုပေးရန်နှင့် အသက်ကယ်ဆယ်ရေးအကူအညီများကိုပြန်လည်ဆောင်ရွက်ခွင့်ပြုရန် UNOCHA က တောင်းဆို လျက်ရှိသည်။
မိုဒါမုန်တိုင်းဒဏ်ခံရသူဦးရေ ၁ ဒသမ ၆ သန်းကိုကူညီနိုင်ရန်အရေးပေါ်ရန်ပုံငွေ အမေရိကုန်ဒေါ်လာ ၃၃၃ သန်းလျာထားတောင်းခံထားရာတွင် ၂၄ ဒသမ ၂ သန်းသာရရှိသေးသဖြင့်ဆက်လက်ထည့်ဝင်ပေးရန် ယင်းအဖွဲ့က တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လက်အောက်ခံအဖွဲ့အစည်းများ၏ ရခိုင်ပြည်နယ် ထဲဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များနှင့် ပုံမှန်လုပ်ငန်းများယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီကထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
UNOCHA အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် သဘောတူညီမှုစာလွှာ (LoA) လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်း ဖြစ်သည်။
ဓာတ်ပုံ – UNOCHA
#မိုခါမုန်တိုင်းသင့် #ဒေသများ #ကူညီပေးနိုင်ရေး #UNOCHA #စစ်ကောင်စီ #သုံးကြိမ်မြောက်ဆွေးနွေး #နိုင်ငံတကာအကူညီ #ခွင့်ပြုချက်မရ #Ayeyarwaddy_Times