ဧရာဝတီတိုင်းမ်
(ကနီ)၊ ဇူလိုင်လ ၆ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် KLG PDF(ကျောက်လုံးကြီး)တပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ အလယ်ကျွန်းပျူရွာရှိ စစ်ကောင်စီတပ်မှ ဗိုလ်ဖြစ်သူ အရာရှိ၏ နေအိမ်နှင့် ပျူစောထီးခေါင်းဆောင်နေအိမ်သို့ ဒရုန်းဖြင့် 1kg ဗုံးသီး သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတစ်ဦးနှင့် ပျူစောထီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“စစ်ဗိုလ်ရဲ့အိမ်ကို ဒရုန်းနဲ့ဗုံးချတယ်ဆိုပေမယ့် ဗိုလ်ထိတယ်လို့တော့ မကြားဘူးဗျ။ ပြန်ကြားရတာက စစ်ကောင်စီတပ်သားတစ်ယောက် နဲ့ ပျူနှစ်ယောက် ထိတယ် ကြားတယ်ဗျ” ဟု ကျောက်လုံးကြီး KLG PDF ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အလယ်ကျွန်းပျူရွာတွင် စစ်ကောင်စီ တပ်သား၊ ရဲ၊ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ရှိပြီးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အသက်သေဆုံးမှု မရှိလျှင်ပင် အချိန်မရွေးဒရုန်းဖြင့် တိုက်ခိုက်ခံရမည်ဖြစ်ကြောင်းကို သိရှိကာ အကြောက် တရားဖြင့် နေထိုင်စေရန်ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်လုံးကြီး KLG PDF အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ပျူရွာရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းကို အဆိုပါ အဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – ကျောက်လုံးကြီးKLGတပ်မဟာ။
#ကနီ #အလယ်ကျွန်းပျူရွာ #KLGPDF #ဒရုန်း #တိုက်ခိုက် #Ayeyarwaddy_Times