ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဇူလိုင်လ ၆ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီ၏ အထိုင်တပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များ တပ်စွဲထားသည့် အင်အား ၃၀ ဝန်းကျင်ရှိ အဆိုပါဂိတ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှလည်းအနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးပြီး ငါး ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“တုံးဗျောကြီးရွာမှာအခြေစိုက်စခန်းချထားတဲ့ စစ်ကောင်တပ်တွေကို ဒရုန်းနဲ့တိုက်ခိုက် ခဲ့တယ်။ ၁ ရက်နေ့ကလည်း ၅၆၁ တပ်ထဲကနေထွက်လာတဲ့ ရိက္ခာပို့ စစ်ကြောင်း လို့ယူဆရတဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်။ နောက်နေ့တွေမှာလဲ ဆက်လိုက်ပီး တိုက်ဖို့ လုပ်ပေမဲ့ သူတို့ကတောထဲကနေဝင်ပီး ဆက်သွားတာဆိုတော့မျက်ခြေ ပြတ်သွား ပြီးမတိုက်ခိုက်ခဲ့ရဘူး” ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း ခမရ(၅၆၁) တပ်ရင်းမှ ထွက်လာသည့်အင်အား ၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ကျေးရွာများအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ (တနင်္သာရီ ပကဖ)၊ SWDF တပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့
#တနင်္သာရီ #တိုက်ပွဲ #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #ဒရုန်း #PDF #Ayeyarwaddy_Times