ဧရာဝတီတိုင်းမ်
ဘိုကလေး၊ ဇူလိုင်လ ၅ ရက်

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မိန်းမလှကျွန်းအနီးတဝိုက်၌ ပြီးခဲ့သည့် လေးရက်တာအတွင်း အုပ်စုလိုက် လုယက်မှု (၁၀)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားရာ၌ အမှုဖွင့်လုပ်ဆောင်ခြင်း မရှိကြောင်း ဒေသခံများထံကသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဘိုကလေးမြို့နယ် မိန်းမလှကျွန်းအနီး မင်္ဂလာရေကျော် ကျေးရွာသို့ ဆိုက်ကပ်ရန်ကြိုးစားနေသည့်ဒေသခံစက်လှေတစ်စီးကို အမည်မသိ အမျိုးသား (၈)ဦးမှဖိုက်ဘာစက်လှေအသုံးပြုကာ အုပ်စုဖွဲ့သေနတ်ပြရိုက်နှက်ခြိမ်းခြောက်ကာ ငွေကျပ်(၇)သိန်းအပါအဝင်လက်ကိုင်ဖုန်း တစ်လုံးကိုပါ လုယက်သွားခဲ့ကြောင်း အောင်စည်မင်္ဂလာကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

” အောင်စည်မင်္ဂလာရွာဘက်ကို လာတဲ့ စက်လှေက မင်္ဂလာရေကျော်ဘက် အရောက်မှာ စက်လှေဆီထည့်ဖို့ ကမ်းကပ်မလို့လုပ်နေတုန်း ဖိုက်ဘာစက်လှေတစ်စီး အတင်းမောင်းဝင်ပြီး လာတားတာ။ စက်လှေပေါ်မှာ လူ(၈)ယောက်လောက်တော့ပါတယ်။ အကုန်လုံးပုဆိုးနဲ့မျက်နှာစည်းထားတယ်။ သေနတ်တွေလည်းပါတယ်။ စက်လှေပေါ်ကိုအတင်းတက်ပြီးတော့ ကျွန်တော့်ကိုဝိုင်းရိုက်ပြီးတော့ ပါလာတဲ့ ပစ္စည်းတွေကို လုသွားတာ။ အခုရက်ပိုင်း စက်လှေတစ်စီးနဲ့ နေ့ရောညဘက်ပါ လှည့်ပြီးအလုခံနေရတယ်လို့ ကြားတယ်” ဟု ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ အုပ်စုဖွဲ့လုယက်မှုများကို ဘိုကလေးမြို့မရဲစခန်းထံ အမှုဖွင့်လှစ်ရန်တိုင်ကြားခဲ့သော်လည်း အမှုဖွင့်ခအဖြစ် ငွေကြေးသောင်းဂဏန်းအထိ ပေးအပ်မှသာ အမှုဖွင့်ဆောင်ရွက်ပေးကြောင်း ဒေသခံများထံက သိရသည်။

“ အရင်နှစ်ရက်ကဆိုရင် အလုခံရသူတွေ ကံကောင်းလို့ အသက်မသေတာ။ သေနတ်နဲ့ချိန်ပြီး ပါလာသမျှအကုန်တောင်းတော့တာပဲ။ စပါးအကြွေးရတဲ့ပိုက်ဆံ ၁၅သိန်း နဲ့ ရွှေတွေပါသွားတယ်။ ရဲစခန်းသွားတိုင်တော့ငွေ ငါးသောင်းပေးမှအမှုဖွင့်ပေးတယ်လို့ သိရတယ် “ ဟု ထော်ပိုင်ကျေးရွာဒေသခံ တစ်ဦးကပြောသည်။

အဆိုပါအုပ်စုဖွဲ့ လုယက်မှုဖြစ်ပွားနေသည့် မိန်းမလှကျွန်းအနီးသို့ ပြီးခဲ့သည့်ဇူလိုင်လ ၂ ရက်နေ့ကစပြီး ကဒုံကနိ ရေတပ်မှ စစ်သင်္ဘောငယ်တစ်စီးဖြင့် နေရာယူကာ ငဝန်မြစ်ကြောင်းတလျှောက် စစ်ကောင်စီရေတပ်နှင့် ရဲတပ်ဖွဲ့မှ နေ့ရောညပါ ကင်းလှည့်ဆောင်ရွက်နေသော်လည်း လုယက်မှုများမှာ လက်ရှိအချိန်အထိ ကျဆင်းလာခြင်း မရှိပဲ ပိုမိုဖြစ်ပွားလျက်ရှိနေကြောင်းဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှဇူလိုင်လ ၄ ရက်နေ့အထိ ဘိုကလေးမြိုနယ် မိန်းမလှကျွန်းအနီးတဝိုက်၌ အုပ်စုဖွဲ့လုယက်မှုဖြစ်စဥ် (၁၀)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဘိုကလေးမြို့မရဲစခန်းနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များထံက သိရသည်။

ပုံစာ- ဘိုကလေးမြို့နယ်မိန်းမလှကျွန်း နေရာတဝိုက်ကိုတွေ့ရစဥ်(ပုံဟောင်း)

#ကလေးမြို့ #မိန်းမလှကျွန်း #၄ရက်အတွင်း #အုပ်စုလိုက်လုယက် #၁၀ကြိမ်ထက်မနည်းဖြစ်
#Ayeyarwaddy_Time