ဧရာဝတီတိုင်မ်း
(ချင်း)၊ ဇူလိုင် ၅ ရက်

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင်ခိုးဆိုးလုနှိုက်အပါအဝင် ဒေသခံများ၏ နေအိမ်တွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်း၍ ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းများကို ဝင်ရောက်လူယက်မှုများ ပိုမိုများပြားလာကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်ရပ်များသည် စစ်ကောင်စီတပ်က ထိန်းချုပ်ထားသော ချင်းပြည်နယ်၏ မြို့ပေါ်များတွင် အဖြစ်များနေပြီး ဒေသခံများအနေဖြင့် အသက်အန္တရာယ်နှင့် မိမိလုံခြုံရေးတို့အတွက် စိုးရိမ်ထိပ်လန့်နေကြရကြောင်း သိရသည်။

“အခုဟားခါးမြို့ကို အသစ်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရင်တပ်ဖွဲ့ဝင်တွေနဲ့ မတူကြဘူး။ တော်တော်ရိုင်းပြီး ကြမ်းတမ်းကြတယ်။ ညဆိုလည်း သူများအိမ်တွေဝင်ပြီးတော့ ပစ္စည်းတွေ လုတာ´´ဟု ဟားခါးမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အလားတူမင်းတပ်မြို့နှင့် မတူပီမြို့ပေါ်နေ ပြည်သူများ၏ နေအိမ်တွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညဘက်တွင် အကြမ်းဖက်ဝင်ရောက်၍ လက်နက်ပြခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းများကို လုယူမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိသည်။

နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြသော ချင်းဒေသခံပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ထွင်းကာ တန်ဖိုးကြီးရိုးရာအဝတ်အထည်များ၊ အဖိုးတန်အိမ်သုံး ပစ္စည်းများနှင့် ရိုးရာနွားနောက်များကို ခိုးယူသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

“ ည ၆ နာရီကျော်ရင် ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး။ မိမိအိမ်ထဲမှာနေရင်တောင် ညဘက်တွေဆို မလုံခြုံသလို ခံစားရတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး ပစ္စည်းလုတာတွေ မကြာခဏရှိနေတော့ မြို့အစွန်မှာနေတဲ့ ပြည်သူတွေဆို စိတ်သောကပိုရောက်ကြတယ်´´ ဟု မတူပီမြို့၊ ဒေသခံအမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ ည ၉ နာရီကျော်တွင် မတူပီမြို့၊ လောင်ဗန်းရပ်နေ ဒေသခံတစ်ဦး၏ နေအိမ်ကို အရပ်ဝတ်များ ဝတ်ဆင်ထားသော စစ်ကောင်စီစစ်တပ်သား နှစ် ဦးက လက်နက်ကိုင်ဆောင်၍ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး လင်မယားနှစ်ဦးစလုံးကို ရိုက်နှက်ကာ အမျိုးသမီးဖြစ်သူ၏ ရွှေဆွဲကြိုးနှင့် နားကပ်တွေကို ချွတ်ယူသွားကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီတပ်သား နှစ် ဦး၏ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုကြောင့် အမျိုးသမီးဖြစ်သူကို ဆေးရုံတင်ထားရပြီး ဆေးကုသမှုခံယူလျက်ရှိသည်။

ချင်းပြည်နယ်၏ နေရာဒေသအများစုတွင် စစ်ကောင်စီက အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပြတ်တောက်၍ သတင်းအမှောင်ချကာ ဓားပြတိုက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းခိုးယူခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေပြီး ကျူးလွန်သူများကို မည်သည့်အဖွဲ့အစည်းမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ကြောင်းသိရသည်။

ဓာတ်ပုံ- ဟားခါးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့။
#ချင်းပြည်နယ် #အာဏာသိမ်း #စစ်ကောင်စီတပ်ဖွဲ့ဝင် #ခိုးဆိုးလုနှိုက် #ပိုမိုများပြားလာ #လုံခြုံရေး #ဒေသခံများစိုးရိမ်ထိပ်လန့်နေရ