နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ ဖြစ်စဉ် ပေါ်ပေါက်လာခြင်းမှာ ယခင်စစ်အစိုးရ လက်ထက်က နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အတင်းဖိအားပေးကာ နယ်ခြားစောင့်တပ်ဖွဲ့-BGF နှင့် ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့မှု ကြောင့် ဖြစ်သည်ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ- PNFC က ထုတ်ပြန်သည်။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး -ကလလတသည် ဘုံရန်သူ (နဝတ-နအဖ) စစ်အုပ်စုများကို ခုခံတိုက်ခိုက်နေဆဲမှာပင် အထွေထွေအကြောင်း အမျိုးမျိုးကြောင့် မလွှဲသာ မရှောင်သာဖြင့် (နဝတ-နအဖ) စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ထိုမှတစ်ဆင့် နယ်ခြားစောင့်တပ်ဖွဲ့-BGF အဖြစ် ဖိအားပေး အသွင်ပြောင်း ခံခဲ့ရသည့် ဘဝမှပထမဦးဆုံး ပြန်လည်ခုခံတော်လှန်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ခဲ့ကြောင်း PNFC က ဆိုသည်။
“အဲ့ဒီလို ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တပ်တို့ ပြောင်းတယ်ဆိုတာ ပြောင်းချင်လို့ ပြောင်းရတာ မဟုတ်ဘဲနဲ့ အဲဒီခေတ်ရဲ့ အထွေထွေရယ်၊ သူတို့မှာရှိတဲ့ အကြောင်း အမျိုးမျိုးကြောင့် ဖိအားပေး အသွင်ပြောင်းတာကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုလည်းမရှိ၊ နိုင်ငံရေး သဘောတူညီချက်လည်း ခိုင်ခိုင် မာမာရမထားဘဲနဲ့ ဖိအားပေးပြီး အပြောင်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ ပြီးတော့ စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးမှာလည်း ကိုယ့်ကိုယ်အသုံးချတာ ခံခဲ့ရတယ်။ ပြီးတဲ့အခါမှာ လည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံ မှာလည်းကိုယ့်အတွက် နေရာမရှိတဲ့အပြင် အတင်းဖိအား ပေးပြီး ခံခဲ့ရတဲ့ကိစ္စတွေမှာ ဒီမကျေနပ်ချက်က ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချက်ကနေ ပေါက်ကွဲသွားတာလို့လည်း မြင်ပါတယ်။ကလလတ ဖြစ်စဉ်ကဒါပါပဲ” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နဂိုမူလ ရပ်တည်ချက်များအတိုင်း အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး ဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်၍ တောင်ပေါ်မြေပြန့်ဒေသအနှံ့ရှိ ရဲဘော်များ၊ တိုက်ဖော် တိုက်ဖက်များအပါအဝင် နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေ ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးကို အသိပေးခဲ့သည့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး -ကလလတအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံကြောင်း PNFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၁၉၉၀ ခုနှစ် ဇူလိုင် ၂၇ ရက်မှာ ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်ထိုးပြီးတော့ ကြေညာ ချက်ထွက်ပါတယ်။ ၁/၉၀ ကြေညာချက်ပေါ့။ အဲဒီမှာ ဘာရေးထား သလဲ ဆိုတော့ တပ်မတော်သည် နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သဖြင့် မည်သူနဲ့မျှ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမည် မဟုတ်ပါဆိုတာ အဲဒါပါတယ်။ ထိုနည်းတူပဲ တပ်မတော်မှ ဖွဲ့စည်းပေးသော တပ်မတော်အစိုးရ နဝတ သည် နိုင်ငံရေးအစိုးရ မဟုတ်သဖြင့် မည်သူနဲ့မျှ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်း ဆွေးနွေးမည် မဟုတ်ပါ။ အဲဒါပါတယ်။ ဒါဒုတိယအချက်ပေါ” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး -ကလလတ၏ ယခု ပြန်လည်ဆင်နွှဲလိုက်သည့် တကျော့ပြန်တော်လှန်စစ်သည် အရေးကြီးသည့်ကာလတွင် နွေဦးတော်လှန်ရေးကို အချိန်ကိုက်အင်အား ဖြည့်ဆည်းလိုက်ခြင်း ဖြစ်သည်။ နွေဦးတော်လှန်ရေးအား ပိုမိုအားကောင်း ကျယ်ပြန့်စေမည့် အဆင့် အသစ်တစ်ရပ်သို့ တွန်းတင်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ကရင်နီပြည်သူများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင် စနစ်ဆိုး အောက်မှ ထာဝရ လွတ်မြောက်ရေးအတွက် ကလလတရဲဘော်များ၏ အသက် သွေးချွေး ဘဝပေါင်းများစွာ ပေးဆပ်နိုင်သမျှ ပေးဆပ်၍ တော်လှန်စစ်ဆင်နွှဲပြီး ကိုယ်တည်ရှိရာ စစ်မျက်နှာမှနေ၍ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု PNFC က အသိအမှတ်ပြုထားသည်။
ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်ထိုးထုတ်ပြန်သည့် ကြေညာ ချက်တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ ကူညီစောင့်ရှောက်ပေးမည် ဆိုသည့် အချက်လည်းပါဝင်ကြောင်း ခွန်မြင့်ထွန်းက ဆိုသည်။
“တတိယအချက်ကတော့ ဘာလည်းဆိုရင် ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ သူတို့ ကူညီစောင့်ရှောက်ပေးမယ်ဆိုတဲ့အချက်။ အဲဒီအချက်သုံးချက်ကတော့ အဲဒီခေတ် ငြိမ်းချမ်းရေးအတွက် စစ်တပ်ဘက်က ကိုင်ထားတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။ အဲဒါနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဗိုလ်ချုပ်ခင်ညွန့်တို့ကလုပ်ခဲ့ကြတယ်။ လုပ်တဲ့အခါမှာ သူတို့ ပြောတဲ့အတိုင်းပဲ စစ်တပ်ဆိုတာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘူး၊ စစ်တပ်က ဖွဲ့ပေးတဲ့ စစ်အစိုးရဟာ နိုင်ငံရေးအစိုးရ မဟုတ်ဘူး။ ဒါကြောင့် သူတို့ နိုင်ငံရေးအရ ဘယ်သူနဲ့မှ စေ့စပ်ဆွေးနွေးမှု မလုပ်ဘူးဆိုတဲ့ အခြေခံမှာ သူတို့ ရပ်တည်ခဲ့တာဖြစ်တယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။
ထို့ပြင် အာဏာသိမ်း စစ်ကောင်စီနှင့် လက်တွဲ၍ စစ်မှန်သည့် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး လုံးဝရရှိနိုင်မည်မဟုတ်ဘဲ နိုင်ငံရေး သဘောတူညီချက် ခိုင်ခိုင်မာမာမရရှိဘဲ နားလည်မှုသက်သက်ဖြင့် အပစ်အခတ်ရပ်စဲရေးဆိုသည်မှာ အချည်းအနှီးသာ ဖြစ်ကြောင်း ကလလတ၏ တကျော့ပြန်တော်လှန်စစ် ခြေလှမ်းသစ်က စံနမူနာ တစ်ရပ်အဖြစ် မီးမောင်းထိုးပြနိုင်ခဲ့ကြောင်း PNFC က ထုတ်ပြန်ပြောဆိုသည်။
“ဒီကနေ့ ကလလတရဲ့ တကျော့ပြန် တော်လှန်စစ်ခြေလှမ်းသစ်က ဘာကိုပြသလဲဆိုတော့ နိုင်ငံရေးသဘောတူညီချက် ခိုင်ခိုင်မာမာမရဘဲ နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲတာဟာ ဒီနေ့မှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်စေတယ်ဆိုတဲ့ဟာ ဒီဟာကို ကျွန်တော်တို့ သုံးသပ်တင်ပြတာ ဖြစ်ပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး -ကလလတ၏ ပါဝင်လာမှု သည် အဖိနှိပ်ခံပြည်သူတို့၏ နွေဦးတော်လှန်ရေးအောင်ပွဲ မဝေးတော့ပြီဖြစ်ကြောင်း လက်တွေ့သက်သေပြချက် ဖြစ်သည်။ သမိုင်းဂုဏ်ပုဒ်များဖြင့် ပြည့်စုံသော တကျော့ပြန် တော်လှန်စစ် ဆင်နွှဲသည့် ကလလတအား ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ- PNFC က ပူးပေါင်းဆောင်ရွက်နိုင်သမျှ တော်လှန်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း PNFC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ – ၂၀၂၁ မတ်လ ၂၈ ရက်နေ့က ဆန္ဒပြလွိုင်ကော်ပြည်သူများဘက်မှ ကလလတတပ်ဖွဲ့ဝင်များ ရပ်တည်ပေးခဲ့စဉ်
ဓာတ်ပုံ-(The Kayan Times)
#နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု #ဖိအားပေးနယ်ခြားစောင့်တပ် #ပြည်သူ့စစ် #ကလလတ #Ayeyarwaddy_Times