ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၅ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်နှင့် ကလိန်အောင်အကြား ခရီးသည်တင်ကားများကို စစ်ဆေးစဉ် ရဲတပ်ကြပ်ကြီးတစ်ဦး နှင့်အတူ အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိ ခဲ့ကြောင်း ပြည်သူ့ကွယ်ရေး တပ်ဖွဲ့ဝင်များထံမှသိရသည်။
ဇူလိုင်လ ၂ ရက်နေ့ နေ့လည် ၂ နာရီခန့်က ရေဖြူမြို့ နှင့် ကလိန်အောင် အကြား မိုင်တိုင် အမှတ် ၃၀ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်တင်ကားများကို စစ်ဆေးစဉ် ကလိန်အောင်ဖက်မှ ရေဖြူဖက်သို့ ခရီးသည်တင်ကားနှင့် ရောနှောလိုက်ပါလာသော ရဲတပ်ကြပ်ကြီး တစ်ဦး ကို ဖမ်းဆီး ရမိပြီးနောက် လမ်းခုလတ် တစ်နေရာတွင် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးသွားကြောင်းသိရသည်။
ပြန်လည်ခုခံသဖြင့်ပစ်ခတ်ဖမ်းဆီးစဥ်သေဆုံးသွားသူမှာ ပဲခူးတိုင်း၊လက်ပံတန်းမြို့ကဖြစ်ပြီး ယခုနှစ်ဇန်နဝါရီလမှ ရေဖြူရဲစခန်းကို ပြောင်းရွှေ့လာပြီး တာဝန်ထမ်းဆောင်နေသည့် အသက် ၄၀ ကျော်ခန့်ရှိသူ ရဲတပ်ကြပ်ကြီး ဦးဇော်မင်းဦး ဖြစ်ကြောင်းသိရသည်။
“သူက ခရီးသည်တင်ယာဉ်နဲ့ ရောနှောပြီးလိုက်လာတယ်။ အရပ်ဝတ်နဲ့ လိုက်လာတာပေါ့။ ကျွန်တော်တို့ သူ့ကိုစစ်ဆေးစဉ်မှာ သူက ပဲခူး ကနေ ရေဖြူ ရဲစခန်းကို ပြောင်းလာတာ သိပ်မကြာသေးဘူးလို့ပြောတယ်။ ကျွန်တော်တို့ မဟာမိတ် ပူးပေါင်း အဖွဲ့တွေ ခရီးသည်ယာဉ်တွေကို စစ်ဆေးနေစဉ်အတွင်း မှာ ဖမ်းဆီးရမိခဲ့တာ။ ဖမ်းဆီးရမိတဲ့ ရဲတပ်ကြပ်ကြီးကို ယူနီဖောင်းတွေ အပြည့်ပေးဝတ်ပြီးကျနော်တို့ လိုချင်တဲ့ အချက်တွေကို မေးပြီးစစ်ဆေးမှုပြုလုပ်ခဲ့တယ်။ ပြီးတာနဲ့ ရဲတပ်ကြပ်ကြီးကို ပူးပေါင်းအဖွဲ့တွေက MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် (တပ်ရင်း ၁) ကိုအပ်နှံဖို့ သွားတဲ့အချိန် လမ်းမှာ ပြန်လည် ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့တယ်။သူ့ရဲ့ အလောင်းကိုတော့ ကောင်းမွန်စွာ မြေမြှပ် သဂြိုလ် ပေးလိုက်တယ်”ဟု ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (KBDF) ၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထားဝယ်-ရန်ကုန်ကားလမ်းမပေါ် တွင် နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ဆေးမှုများကို ကံပေါက်ကာကွယ်ရေး တပ်ဖွဲ့(KBDF)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (T1)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇူ လိုင် ၂ ရက် နေ့ မှစတင်ကာ ထားဝယ်အခြေစိုက် PDF မဟာမိတ်ပူးပေါင်းတပ်များက ထားဝယ် – ရန်ကုန် အမှတ် ၈ ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ယာဉ်အသွားအလာများကို စစ်ဆေးကာ နယ်မြေစိုးမိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်နေကြပြီဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
သေဆုံးသူ ရေဖြူရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဇော်မင်းဦး။
#ကားလမ်း #ခရီးသည်တင်ယာဉ်များကို #စစ်ဆေးစဉ် #ရဲတပ်ကြပ်ကြီး၁ဦးဖမ်းမိ #ပြန်လည်ခုခံ #ပစ်ခတ်ဖမ်းဆီး #သေဆုံး
#Ayeyarwaddy_Times