နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ရက်
စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာနချုပ်သည် စစ်ကောင်စီတပ်အင်အား မလုံလောက်သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ စစ်ဆေးရေးဂိတ်အချို့အား ဖြုတ် သိမ်းရန် ညွန်ကြားခဲ့သော်လည်း မအူပင်မြို့မှစစ်ဦးစီးပထမတန်းအရာရှိ ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်က ခိုးဖွင့်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ ခိုးဖွင့်ထားစဉ် ဂိတ်တွင်တာဝန်ကျသည့် ဒုအရာခံဗိုလ်နှင့် ဗိုလ်ကြီး အဆင့်ရှိသူတို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံက သိရသည်။
ယမန်နေ့ ဇူလိုင် ၄ ရက်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့ ရှေ့ဘက်ကမ်းဘီးခွန်ဂိတ်အနီးရှိ စစ်ကောင်စီတပ် စခန်းချထားရာဂိတ်တွင် စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်နှင့် ဗိုလ်ကြီး တစ်ဦးတို့ အချင်းချင်းစကားများရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ရာ နေရာတွင်ပင် နှစ်ဦးစလုံး သေဆုံးခဲ့သည်။
“ဂိတ် ပိတ်သိမ်းခိုင်းထားတာ ဇွန်လ ကတည်းက ။ အဲ့ဒါကို ပုသိမ်မြို့ အခြေစိုက် ရွှေမြင်တင် ဘုရားနားမှာရှိတဲ့ အမှတ် (၆) လေ့ကျင့်ရေးတပ်က ဗိုလ်ကြီးအဆင့်နဲ့ စစ်သား တချို့ကို ခေါ်ပြီး ဂိတ်ပြန်ဖွင့်တယ်။ ဂိတ်မှာ အချင်းချင်း စကားများပြီး အရာခံဗိုလ်ကနေ ဗိုလ်ကြီးကို သေနတ်နဲ့ ပစ်သတ်တယ်။ နောက် သူ့ကိုယ်သူ ပြန်ပစ်ပြီး သတ်သေသွားတာ” ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ ပစ်ခတ်မှုအပြီး သေဆုံးသွားသည့် အလောင်းများကို မအူပင်မြို့တွင် တာဝန်ကျနေသည့် ဒုတိယဗိုလ်မှူးကြီး G-1 နိုင်လွင်ရောက်လာမှ ကင်းတဲတစ်ခုလုံး မိုးကာအပြာဖြင့်ကာကာ လူနာတင်ကားဖြင့် ပုသိမ်မြို့သို့ သယ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
မအူပင်မြို့ အဝင်ဂိတ်သည် ဧရာဝတီတိုင်းအတွင်းရှိ စစ်ဆေးရေး ဂိတ်များအတွင်း ဝင်ငွေအများဆုံးရရှိနေသည့် ဂိတ်ဖြစ်ပြီး စစ်ကောင်စီတပ်က အလှည့်ကျ အထိုင်ချ စစ်ဆေးရေးလုပ်လေ့ရှိကြောင်းသိရသည်။
ထို့ကြောင့် အဆိုပါ ဂိတ်တွင် နေရာရရန် ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်အား လာဘ်ထိုးရပြီး မအူပင်ဂိတ်ကို ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်၏သဘောဖြင့် ပြန်လည်ဖွင့်လှစ်ထားစဉ် အရာရှိအချင်းချင်း ပစ်ခတ်မှုဖြစ်ကာ နှစ်ဦးစလုံး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီနှင်နီးစပ်သည့်အသိုင်းဝိုင်းထံက သိရသည်။
ဓာတ်ပုံ-ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ ပုံဟောင်းကို ပြန်လည်အသုံးပြုထားပါသည်
#ဧရာဝတီတိုင်း #စစ်ဆေးရေးဂိတ်များ #ပိတ်သိမ်း #မအူပင်မြို့ဝင်တံတားဂိတ် #ခိုးဖွင့် #အရာရှိအချင်းချင်း #ပစ်ခတ်သေဆုံး #Ayeyarwaddy_Times