ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၅ ရက်
ကရင်အမျိုးသမီးအစည်းအရုံး (KWO)၏ ၈ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ KWO ၏ အထူးဒေသတစ်ခုတွင် ကျင်းပပြုလုပ်ခဲ့သည်။
သုံးရက်တာ ကျင်းပခဲ့သည့် အဆိုပါညီလာခံတွင် ကရင်အမျိုးသမီးအစည်းအရုံး၏ ဥက္ကဌသစ်အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်ငါးဦးကို ညီလာခံတက်ရောက်လာသည့် ကရင့်အမျိုသမီးခေါင်းဆောင် ကိုယ်စားလှယ်များက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။
ထိုသို့ ရွေးချယ်ရာတွင် KWO၏ ဥက္ကဌ နော်ကညောဖော၊ ဒုတိယဥက္ကဌ နော်စေးစေးဟဲ၊ အထွေထွေအတွင်းရေးမှူး နော်တာမလာစော၊ တွဲဖက်အတွင်းရေးမှူး(၁) နော်ဒါးမူနှင့် တွဲဖက်အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောတို့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ် တင်မြှောက်ခဲ့ကြောင်း ညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါညီလာခံတွင် ပြီးခဲ့သည့် ခြောက်နှစ်တာအတွင်းက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အားသာချက်၊ အားနည်းချက်နှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မူဝါဒ(ပေါ်လစီ)များကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ခြင်း၊ မဟာဗျူဟာချမှတ်ခြင်းနှင့် ၂၀၂၃-၂၀၂၇ ခုနှစ်အထိ လေးနှစ်တာ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကရင်အမျိုးသမီးများ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုတွင် ပိုမိုပါဝင်လာရန် အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လူသားချင်းစာနာထောက်ထားမှု ကူညီရေးဆိုင်ရာ မူပေါ်လစီအသစ်တစ်ခုကို အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။
KWO ၏ ၈ ကြိမ်မြောက် ညီလာခံသို့ ဗဟို အပါအဝင် ကော်သူးလေနယ်မြေ ခရိုင် ခုနစ် ခုနှင့် ဒုက္ခသည်စခန်းများ၏ ကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် အထူးဖိတ်ကြားထားသူများ စုစုပေါင်း ၁၂၅ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများတွင် ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်သင်တန်းကျောင်း အောင်မြင်ခဲ့သည့် ကရင်အမျိုးသမီးအစည်းအရုံး၏ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီးလူငယ်ခေါင်းဆောင် ၅၄ ဦး ပါဝင်ကြောင်းသိရသည်။
ဓာတ်ပုံ- KWO ဥက္ကဌ နော်ကညောဖော (အလယ်)
#ကရင်အမျိုးသမီးအစည်းအရုံး #၈ကြိမ်မြောက်ညီလာခံတွင် #KWOဥက္ကဌသစ် #နော်ကညောဖော #Ayeyarwaddy_Times