ဧရာ၀တီတိုင်းမ်
ဇူလိုင် ၅ ရက်

စစ်တပ်၏အကျိုးစီးပွားကို အဓိကလုပ်ဆောင်ပေးနေရသည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ ဇူလိုင် ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယုံကြည်အား ကိုးရသည့် လူရင်းဖြစ်ပြီး စစ်ကောင်စီတပ်အတွက် နိုင်ငံခြားငွေအပြင် စက်သုံးဆီများနှင့်ပတ်သက်ပြီး အဓိကလုပ်ဆောင်ပေးရသူဖြစ်ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို အကြံပေးအဖြစ် ခန့်အပ်ရာတွင် ပြည်ထောင်စု ဝန်ကြီးအဆင့် သတ်မှတ်တာဝန် ပေးထားကြောင်းလည်း အမိန့်စာတွင် ဖော်ပြပါရှိသည်။

“ညိုစောကို အတောင်ပံတပ်ပေးလိုက်သလိုပါပဲ။ သူက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူရင်း၊ လူယုံပေါ့ ။ စစ်တပ်ရဲ့ ငွေလည်ပတ်စီးဆင်းမှုမှာ သူကအဓိကပါ၀င်သူလို့ပြောရမှာပဲ။ အဖွဲ့အစည်းအတွက် ပဲလား၊ တစ်ဦးတစ်ယောက် ကိုယ်ကျိုးအတွက်ပဲလားတော့ မပြောတတ်ဘူး”ဟု စစ်တပ်၏ထိပ်ပိုင်း အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်းဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ်ကျောင်း အုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက် ချုပ်တာ၀န်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် စစ်တပ်နောက်လိုက် ခရိုနီများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့စီးပွားရေး ကော်ပို ရေးရှင်း (MEC)ဥက္ကဋ္ဌအဖြစ် ဆက်လက်တာ၀န်ယူမည် ဖြစ်ကြောင်း သိရသည်။
#စစ်ကောင်စီ #ဒုဗိုလ်ချုပ်ကြီး #ညိုစော #စစ်ခေါင်းဆောင် #အကြံပေးခန့်အပ် #Ayeyarwaddy_Times