ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် သလပ်ခွာကျေးရွာတွင် ဇူလိုင်လ ၁ ရက်နေ့က စစ်ကောင်စီတပ်များ ရွာအတွင်းရှိ နေအိမ်အချို့ ကို ၀င်ရောက်ကာလက်ကိုင်ဖုန်းများကိုစစ်ဆေးရာ သားအဖ ၂ ဦး အဖမ်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

သလပ်ခွာကျေးရွာတွင်နေထိုင်သည့် ဦးကျင်ရွှေနှင့် သားဖြစ်သူ မောင်ဇင်ကိုကို၀င်းတို့ ၂ ဦး၏ ဖုန်းအတွင်းမှာ NUG၊ PDF တို့နှင့် ပတ်သတ်သည့်သတင်းများ၊ တော်လှန်ရေးနှင့်ပတ်သတ်သည့်သတင်းများကို တွေ့ရှိရသည်လို့စွတ်စွဲကာဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူများမှပြောသည်။

“သတင်းတစ်ခုရလို့ ထင်တယ် စစ်တပ်ရောရဲရော ရွာထဲက အိမ်တိုင်းကိုတော့မ၀င်ဘူး ၁၅ အိမ်လောက်ပဲ ၀င်စစ်တာ။ အဓိက ဖုန်းတွေ facebook တွေကို ထွက်ထားရင် Login ပြန်၀င်ခိုင်းတယ်။ ဟိုးတုန်းက တော်လှန်ရေးအကြောင်းတွေ Share ထားတာတွေကိုတွေ့လို့ အဲ့သားအဖအဖမ်းခံရတာ အဓိက၀င်စစ်တာက NLD အမာခံအိမ်တွေလို့ပြောလို့ရတယ်”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ဦးကျင်ရွှေနှင့် မောင်ဇင်ကိုကို၀င်းတို့ကိုသလပ်ခွာနယ်မြေရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် ပုဒ်မ ၅၀၅(က)၊၅၂(က)နဲ့ အမှုဖွင့်လှစ်ပြီး ပုသိမ်ထောင်ကိုပို့ဆောင်ဖို့ စီစဥ်နေပြီး မိသားစုနဲ့ တွေ့ဆုံခွင့်မရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့က ပုသိမ်မြို့မှာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားသောကြောင့် ၂ နှစ်​ကျော်ကြာအောင် ရှောင်တိမ်းနေတဲ့ ကိုဘူတင်းဆိုသူအား သလပ်ခွာကျေးရွာတွင် ဖမ်းမိပြီးနောက် စစ်ကောင်စီက ယခုလို မြို့ပေါ်က တိမ်းရှောင်နေသူအားသတင်းပေးခြင်းမရှိတဲ့ ကျေးရွာသားများအပေါ် ခုလို ရုတ်တရက် ဖုန်းများ၀င်စစ်ခြင်းနှင့် အပြစ်ရှာကာဖမ်းဆီးတာဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုသည်။

#ပုသိမ်မြို့နယ် #သားအဖနှစ်ဦး #ဖမ်းဆီးခံရ #ဖုန်းစစ်ဆေးပြီးဖမ်းဆီး #စစ်ကောင်စီတပ် #Ayeyarwaddy_Times