ဧရာ၀တီတိုင်းမ်
ဇူလိုင် ၅ ရက်

ရန်ကုန်မြို့၌ ခရိုင် ၄ ခုရှိ စစ်ကာင်စီတပ်စခန်း နှစ် ခု၊ ဦးစီးဌာန သုံး ခု၊ ဖမ်းဆီးစစ်ဆေးရေးလုပ်နေသော နေရာတစ်ခုတို့ကို ယမန်နေ့ ဇူလိုင် ၄ ရက်နေ့ ညပိုင်းအချိန်က ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက် ကျား အင်အားစုက ထုတ်ပြန်ထားသည်။

ယမန်နေ့ ညပိုင်းက ဗဟန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပ မြို့နယ်တရားရုံး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာနှင့် အောင်ချမ်းသာအစပ်ကြား တပင်ရွှေထီးလမ်းမ၌ စစ်ကောင်စီ တပ်သားများ ဆိုင်ကယ်များဖမ်းဆီးစစ်ဆေးနေသည့် နေရာအနီးတို့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညက ၉ နာရီကျော်လောက်က စပြီးကြားရတာ ပေါက်ကွဲသံတွေ တစ်လုံးပြီးတစ်လုံး၊ နောက်တော့ ရဲတွေ စစ်သားတွေရောက်လာသံကြားတယ်။ နေရာတော်တော်များများ ပေါက်ကွဲသံတွေ ကြားရတာပါ”ဟု တောင်ဥက္ကလာပမြို့နယ်နေထိုင်သူ အမျိုးသား တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုတွင် ည ၈ နာရီကျော်အချိန်ခန့်က လှိုင်သာယာ ၅ ထိပ်အနီးတွင် တစ်နာရီခြား၍ ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်တွင် စစ်ကောင်စီတပ်သား နှစ် ဦးဗုံးထိမှန်ကြောင်းသိရသည်။ ထို့ပြင် ည ၁၁ နာရီ၀န်းကျင် ခန့်တွင်ပေါက်ကွဲခဲ့သည့် သန်လျင်မြို့နယ် စုပေါင်းရုံး၌ ပေါက်ကွဲမှုတွင် စစ်ကောင်စီ တပ်သားတစ်ဦး စုစုပေါင်း သုံး ဦး ထိခိုက်မှုရှိကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Anonymous Fighters Force-AFF မှ‌ဦးဆောင်၍ Freelance Attack Force-FLA၊ Phoenix Urban Guerrilla Force၊ Emerald Girls Army-EGA ၊ Rangoon Urban Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#ရန်ကုန်တိုင်း #စစ်ကောင်စီ ခရိုင်၄နေရာ #ဖောက်ခွဲတိုက်ခိုက် #မြို့ပြပြောက်ကျား #Ayeyarwaddy_Times