ဧရာဝတီတိုင်းမ်
မြင်းခြံ၊ ဇူလိုင် ၅ ရက်
မြင်းခြံထောင်တွင် နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျခံနေရသော မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာသား ဦးစိန်ဝင်း သည် ရုတ်တရက်သေဆုံးကြောင်း ရဲစခန်းက မိသားစုထံအကြောင်းကြားခဲ့သော်လည်း သေဆုံးသူ၏မိသားစုက အလောင်းထုတ်ယူခွင့် မရခဲ့ကြောင်း သိရှိရသည်။
အသက် ၄၃ နှစ်အရွယ် ဦးစိန်ဝင်းသည် အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားကြောင်းနှင့် အလောင်းထုတ်ယူလိုပါက ခုနှစ်သောင်းကျပ်ပေးရမည်ဟု ဇွန်လ ၂ ရက်နေ့၊ နေ့လယ်ပိုင်းက ရဲစခန်းမှ ဖုန်းဆက် ပြောကြားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သည့်ဒေသခံတဦးကဆိုသည်။
သို့သော် မိသားစုက သွားရောက်ထုတ်ယူချိန်တွင် လက်ပြန်ကြိုးအပြင်၊ ခြေထောက်ပါ ကြိုးတုပ်ခံထားရသော ဦးစိန်ဝင်း၏အလောင်းကို ကြည့်ရှုခွင့်သာပေးခဲ့ပြီး သင်္ဂြိုဟ်မည့်ကိစ္စကို မိသားစုမှဆောင်ရွက်ခွင့်မရှိဟုဆိုကာ အလောင်းထုတ်မပေးခဲ့ကြောင်း အဆိုပါဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
“၂ ရက်နေ့ နေ့လယ်ကတော့ သေဆုံးတယ်ဆိုတာရယ်၊ အလောင်းလာထုတ်ဖို့ရယ်ကို ဦးစိန်ဝင်းမိသားစုဆီ ရဲစခန်းက ဖုန်းဆက်ပြောတယ်။ သူ့မိသားစုသွားထုတ်တော့ သူတို့ပဲသင်္ဂြိုဟ်မယ်ပြောပြီး အလောင်းထုတ်မပေးလိုက်ဘူး ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဦးစိန်ဝင်းသည် နိုင်ငံရေးကိစ္စပတ်သက်မှုမရှိသော်လည်း ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ၎င်း၏ယောက်ဖဖြစ်သူအား လာရောက်ဖမ်းဆီးချိန်တွင် ယောက်ဖဖြစ်သူမရှိ၍ စစ်ကောင်စိ တပ်ဖွဲ့ဝင်များက ဦးစိန်ဝင်းနှင့် ညီဖြစ်သူအား မတရားဖမ်းဆီးကာ ၅၀၅ (က) ဖြင့် တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင်းခြံထောင်သည် လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံး ထောင်တခုဖြစ်ပြီး မေလ ၂၁ ရက်နေ့မှစ၍ ၂၉ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးနှင့် သာမန်အကျဉ်းသား ၁ ဦးအား ခမရ ၁၅ တပ်စစ်ကြောရေးသို့ ဥပဒေမဲ့ခေါ်ယူရိုက်နှက် စစ်ဆေးမှုများရှိခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းသို့ ဒဏ်ရာများဖြင့် ပြန်လည်ရောက်ရှိလာသော်လည်း သာမန်အကျဉ်းသား ကိုတိုးဝေအောင်၏ သတင်းမှာ ပျောက်ဆုံးနေပြီး ယခုအထိ ထောင်တွင်းသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ ထံကသိရသည်။
ဇွန်လ ၃၀ ရက်နေ့တွင် မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအား မကွေးထောင်သို့ ၉ ဦး နှင့် သရက်ထောင်သို့ ၈ ဦးပြောင်းရွှေ့ခဲ့ပြီး ထို ၁၇ ဦးတွင် ခမရ ၁၅ သို့ ခေါ်ယူစစ်ဆေးခံရသူ ၁၄ ဦးပါဝင်သည်။ မြင်းခြံထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား ၉၀၀ ကျော်ရှိကြောင်းသိရသည်။
ပုံ – ပေးပို့
#မြင်းခြံထောင် #နိုင်ငံရေးအကျဉ်းသားတဦး ရုတ်တရက်သေဆုံး #Ayeyarwaddy_Times