ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ တညင်းကုန်း( မူလဈေး) ကုန်စိမ်းဈေးသူ ဈေးသား များဆန္ဒမပါဘဲ အဓမ္မပြောင်းရွေ့ခြင်းခံခဲ့ရသည့် UMFCCI ဥက္ကဌဟောင်းခရိုနီ ဦးဝင်းအောင်ပိုင် Myanmar Agro Exchange Public ကုမ္ပဏီက ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန် စတော့အိတ်ချိန်း (YSX) စာရင်းဝင် ကုမ္ပဏီဖြစ်လာကြောင်း သိရသည်။

အဆိုပါ တညင်းကုန်းသစ်သီးဝလံဟင်းသီးဟင်းရွက် နှင့် ပန်းမာန်လက်ကား ဈေးတည် ဆောက်ရေးကုမ္ပဏီ (MAEX) ရှယ်ယာများကို ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ Base Price အနေဖြင့် ၁၈၅၀ ကျပ်ဖြင့် စတင်ဝယ်ယူနိုင်ပြီး အရောင်းအဝယ်ဖြစ်သည့် အစုရှယ်ရာ ပေါင်း တစ်သိန်းကျော်ရှိကြောင်း ရန်ကုန်စတော့အိပ်ချိန်း‌( YSX) ထံကသိရသည်။

MAEX သည် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းအစိုးရ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီထံမှ တညင်းကုန်းအဆင်မြင့် လက်ကားဈေး တည်ဆောက် ရေးနှင့် စီမံခန်ခွဲရေးစီမံကိန်း တင်ဒါအောင်မြင်သော ဒဂုံအင်တာနေရှင်နယ်လီမိတက်၏ အများပိုင် ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

လက်ရှိတွင် တညင်းကုန်း အဆင့်မြင့် လက်ကားဈေးအတွင်း ကျန်ရှိနေသည့် ဆောက် လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ကုန်တင်ရပ်နားစခန်းများ ပါဝင်ပြီး တည်ဆောက်လျက် ရှိကြောင်းသိရသည်။

“တညင်းကုန်းဈေးနားမှာရှိတဲ့ ကျူးကျော်တဲတွေ ဖယ်ပေးဖျက်လိုက်ရတယ်။ တချို့ ဆိုရင် အရင်အစိုးရ ဦးဖြိုးမင်းသိန်းလက်ထက်က smart ကဒ်ရထားသူတွေရှိတယ်။ အဲဒီလူတွေလည်း စစ်တပ်အာဏာသိမ်းတော့ အကုန်ဖျက်လိုက်ရတာပဲ။ ( အင်းစိန်၊ရွာမ) ပုလဲလမ်းဘေးက ကျူးကျော်တွေအကုန်ရှင်းပဲ။ ရှင်းပြီးတော့လုပ်တာပေါ့” တညင်း ကုန်း ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဈေးဆိုင်အဆင့် (၁) ဖွင့်လှစ်ပြီး လက်ကီ၊ လက်ကားရောင်းချသူ ၁၇၂၄ ဦးရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန် ချက်အသိရသည်။

၂၀၁၉ ခုနှစ်တွင် တညင်းကုန်းဈေးဟောင်းမှ ဈေးသူဈေးသား ၅၀၀ ကျော်သည် မူလနေရာမှ ဈေးရုံအသစ်သို့ အဓမ္မပြောင်းရွေ့ခံရခြင်း ၊ ဆိုင်ခန်းခဈေးနှုန်းများ ခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်ကုန်စတော့အိပ်ချိန်း တည်ထောင်သည့် ရှစ် နှစ်အကြာတွင် ရှစ် ခုမြောက် အများနှင့် ဆိုင်သောကုမ္ပဏီလီမိတက် (MAEX) အပါအဝင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာ များကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများက တဆင့်အရောင်းအဝယ်များ ပြုလုပ် လျက်ရှိကြောင်းသိရသည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများ နေ့စဉ်ရောင်း ဝယ်နေပြီး ၈ နှစ်အတွင်း ရင်းနှီးမြှပ်နှံသူ ၄၅,၃၀၃ ဦးရှိပြီး စာရင်းဝင်ကုမ္ပဏီ ခုနစ်ခု၏ ရှယ်ယာ စုစုပေါင်း ၁ ဒသမ ၇၇ သန်းရှိပြီး တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံရှိ ကြောင်းသိရသည်။

၁၉၉၀ ပြည့်နှစ်တွင်တည်ထောင်ခဲ့သော ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီသည် MAEX တွင် အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းထည့်ဝင်ထားရှိပြီး အဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်၊ ခရီးသွားလာမှုစသော ဆောင်ရွက်မှုလုပ်ငန်း များ၊ ထုတ်လုပ်မှုလုပ်ငန်း၊ မော်တော်ယာဉ် ၊ အစားသောက်နှင့် စက်သုံးဆီဖြန့်ဖြူး ရောင်းချခြင်း ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

ခရိုနီ ဦးဝင်းအောင်၏ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ် မင်းအောင်လှိုင် တည်ထားသည့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ရေးတွင် ကျပ်သိန်းပေါင်း ၂၉၇၀ ထည့်ဝင် လှူဒါန်းထား ကြောင်း သိရသည်။

UMFCCI ဥက္ကဌဟောင်းခရိုနီဦးဝင်းအောင်သည် Myanmar Thilawa SEZ Holdings Public ကုမ္ပဏီ MTSH ၏ ဥက္ကဌဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်အတွင်း နေရောင် ခြည်စွမ်းအင်သုံးပြု၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် အကောင်အထည်ဖော်နေ ကြောင်း သိရသည်။

အဆိုပါ Myanmar Thilawa SEZ Holdings Public ကုမ္ပဏီသည်လည်း ရန်ကုန်စတော့အိပ်ချိန်း (YSX) စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-တညင်းကုန်း သီးနှံလက်ကားဈေး

#UMFCCIဥက္ကဟောင်းဦးဝင်းအောင် #ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ #MAEX #တညင်းကုန်း‌သီးနှံလက်ကားဈေး #ရန်ကုန်စတော့အိပ်ချိန်း #Ayeyarwaddy_Times