ဧရာဝတီတိုင်းမ်
(မုန်း)၊ ဇူလိုင်လ ၅ ရက်
ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ မုန်း-ဇရပ်ကြီးကားလမ်းတစ်လျှောက်ရှိ အုတ်ဖြတ်ကျေးရွာနှင့် ကညင်ကျကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့က ရိုးမစစ်ကြောင်း(၂)နှင့် KNLAပူးပေါင်းတပ်ဖွဲ့များက တစ်ရက်အတွင်း သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးရန် ရောက်ရှိလာ သည့်စစ်ကောင်စီစစ်ကြောင်းကို အုတ်ဖျတ်ကျေးရွာအနီးတွင် နံနက်အစောပိုင်းတွင် တစ်ကြိမ်၊ နေ့လယ်ပိုင်းတွင်တစ်ကြိမ် ဒရုန်းဖြင့် ၄၀-မမ၊ ၆၀-မမ ဗုံးသီးများ အသုံးပြုတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း တပ်သား လေး ဦးသေဆုံးခဲ့ပြီး နှစ် ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“မုန်း-ဇရပ်ကြီးကားလမ်းတစ်လျှောက်က ကျေးရွာတွေဘက်ကို သူတို့(စစ်ကောင်စီ) ရိက္ခာပို့နိုင်ဖို့ကို ဒီဘက်ကလာတိုက်မှာစိုးလို့ ဆင်းကာတဲ့အဖွဲ့ကို တိုက်တာပါ။ အင်အား ကတော့ ၅၀၊ ၆၀ လောက်ရှိတယ်။ စစ်ကြောင်းလိုက် လာကာတဲ့သဘောပါ” ဟု အသက် ၃၀ ဝန်းကျင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဇူလိုင် ၃ ရက်နေ့ ည၈ နာရီနာရီဝန်းကျင်တွင် ကညင်ကျ ရွာစာသင် ကျောင်းအရှေ့သို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ၍ ပြောက်ကျားတိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ရှစ် ဦးသေဆုံးပြီး ခုနစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်ရှိ မုန်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ကျောက်ကြီး မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဖြူးမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ဇူလိုင်လ ၂ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်ရှိ ချိန်း ချောင်းဖြတ် တံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း(ပုံအဟောင်းကိုအသုံးပြုထားသည်)။
#ပဲခူးတိုင်း #မုန်း #အုတ်ဖြတ် #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #၁၂ဦးသေ #KNLA #ရိုးမစစ်ကြောင်း၂ #Ayeyarwaddy_Times