လွင့်ခိုင် / ဧရာဝတီတိုင်းမ်
ရမည်းသင်း ၊ ဇူလိုင် ၅ ရက်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် လွတ်ရက်စေ့ဖြင့် ရမည်းသင်းထောင်မှ ယနေ့ ဇူလိုင် ၅ရက်နေ့မနက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ကိုပြည့်ဖြိုးနိုင်ကို ဖမ်းဆီးကာ ရဲစည်းကမ်း မလိုက်နာမှုဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီးနောက် ယခုပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

“ ကျန်းမာရေးကောင်းတယ်လို့ သိရတယ်။ သူကနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ အနားမှာနေခဲ့တယ်ဆိုပေမယ့် အင်မတန်ဖော်ရွေတယ်။ ထောင်ထဲမှာလည်း သူတတ်နိုင်သမျှ ကူညီတဲ့သူပါ။ ရမည်းသင်းထောင်မှာ ကျန်နေသေးတဲ့ လူကြီးတွေအတွက်တော့ အားကိုးရသူတစ်ယောက် လျော့သွားတာပေါ့။ ဒါပေမယ့် သူပြန်လွတ်လာတဲ့ အတွက်တော့ ဝမ်းသာတယ်” ဟု ရမည်းသင်ထောင်မှ လွတ်မြောက်ခဲ့သည့် နိုင်ကျဥ်းဟောင်း တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တပ်ဖွဲ့တွင် လူသိများသည့် ဒုရဲအုပ် ချယ်ရီထက်သည်လည်း ရမည်းသင်းထောင်တွင် ရှိနေပြီး သူမကို ရဲစည်းကမ်းအပါအဝင် ၅၀၅-က ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ရမည်းသင်းအကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသား များစွာရှိနေပြီး NLD ပါတီ ထိတ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီး ဦးမင်းသူ၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်အဖွဲ့ကို ဦးဆောင်သူ သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး ခေါ် ကိုသားလေး တို့လည်းရှိနေကြောင်း သိရသည်။

#ဒေါ်အောင်ဆန်းစုကြည်#ကိုယ်ရံတော် # ပြည့်ဖြိုးနိုင်# ချယ်ရီထက်# ရမည်းသင်းအကျဉ်းထောင်# ဒေါက်တာမျိုးအောင်#

# Ayeyarwaddy-Times—