ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ်မှာ ဇွန်လ ၂၇ ရက်နေ့က စတင်ပြီး KTV ဆိုင်များကို စစ်ကောင်စီတပ်က အပြစ်ရှာဖမ်းဆီးမှုများပြုလုပ်သောကြောင့် ဆိုင်များပိတ်သိမ်းထားရတယ်လို့ ဒေသခံများထံမှ သိရသည်။

ထွေအုပ်နဲ့ ရဲကို ငွေပေးပြီး တရားဝင်လိုင်စင် မရှိသည့် ဆိုင်များကို စစ်ကောင်စီတပ်က တပ်သားတွေက လိုက်လံရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“မဖွင့်ရဲတော့ဘူး စစ်တပ်က သူတို့လိုင်းကြေးမရလို့ ပြသနာရှာတာ။ ရဲကိုပေးထားလဲ ဘာမှမတတ်နိုင်ဘူး။ ၂ ဆိုင်လောက်ဖမ်းခံရထဲက မဖွင့်ပဲရပ်ထားတော့တာ”ဟု KTV လုပ်ငန်းနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ဇွန်လ ၂၇ ရက်နေ့ ညက ပုသိမ်မြို့ တဲကြီးကုန်းလမ်းပေါ်က ဂန္ဓ၀င် KTV ဆိုင်နဲ့ ကမ်းနားလမ်းပေါ်က Life KTV ဆိုင်၊ကင်မလင်းကျွန်း မဥ္ဇူလမ်းပေါ်က KTV ဆိုင်တွေကိုစစ်ကောင်စီက ၀င်ရောက်ဖမ်းဆီးခဲ့ကာစုစုပေါင်း ၀န်ထမ်းအမျိုးသမီးနဲ့ သီချင်းသီဆိုနေသူ ၄၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်တွင် KTV ဆိုင်များသည် ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင်စတဲ့ ဌာနဆိုင်ရာတွေကို လစဥ် လိုင်းကြေးပေးနေပြီးဖွင့်လှစ်ထားဖြင်း‌ဖြစ်ကြောင်း သိရသည်။

ညစဥ် နယ်ထိန်း၊ စရဖ ၊ SB (သတင်းတပ်ဖွဲ့)ဝင်တွေက အခမဲ့လာရောက်ပြီး သီချင်းဆို ကြတာရှိသော်လည်း ဖမ်းဆီးခံရသည့်အခါ ကူညီပေးတာမရှိကြောင်း KTV လုပ်ငန်းနဲ့ နီးစပ်သူများမှ ပြောသည်။

ပုသိမ်မြို့တွင် လိုင်းကြေးပေးပြီးဖွင့်လှစ်ထားသော KTVနဲ့ အနှိပ်ခန်းများ ၄၀ကျော်ခန့် ရှိသည်ဟုသိရပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးသောကြောင့် ပိတ်ထားရကြောင်း ဒေသခံတွေထံက သိရသည်။

#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ရဲ #ထွေအုပ် #လိုင်ကြေးပေး #KTVဆိုင်များကိုဝင်ဖမ်း #Ayeyarwaddy_Times