ဇူလိုင် ၁ ရက်
ဧရာ၀တီတိုင်းမ်

စစ်ကောင်စီတပ်သည် အညာဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ ပခုက္ကူမြို့နယ်များသို့ စစ်လက်နက် များသယ်ဆောင်ရန်အတွက် ရန်ကုန်မြို့ရှိ အများပြည်သူသုံး ယာဉ်လိုင်း များယာဉ်မောင်းနှင့် ယာဉ်များကို ကို ပိုက်ဆံပေးကာ ငှားရမ်းလျက်ရှိကြောင်း သိရ သည်။

အဆိုပါ ဒေသများတွင် စစ်ကောင်စီ၏ ယာဉ်တန်းများ မကြာခဏမိုင်းခွဲ တိုက်ခိုက်ခံ နေရပြီး စစ်လက်နက်၊ ရိက္ခာများ သယ်ယူရာတွင် အခက်အခဲဖြစ်ပေါ်နေသည့်အတွက် ယခုလို ပိုက်ဆံပေး၍ အများပြည်သူ သုံး ယာဉ်လိုင်းများအသွင်ယူ၍ သွားလာ သယ်ဆောင် ရန် စီစဉ်ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းနှင့် နီးစပ်သူက ပြောသည်။

“အရင် မထသဟောင်းယာဉ်လိုင်းက ယာဉ်တွေပေါ့။ စစ်တပ်က ပိုက်ဆံ ၅၃ သိန်း ပေးမယ်ဆိုပြီး ပခုက္ကူ၊ မင်းဘူး ဘက်ကို လက်နက်တွေသယ်ဖို့ လာငှားတာ ရှိတယ်လို့ သိရတယ်။ သေရင်လျော်ကြေးပေးမယ်ဆိုပြီး ပြောတယ်။ ဘယ်သူမှမလိုက်ရဲကြဘူး။ မလိုက်ရဲကြတော့ ကားတွေကို ချောဆွဲဖို့လုပ်နေကြတယ်။ သူတို့ဘာသာသွား ကြမယ့်ပုံပဲ”ဟု ယာဉ်လိုင်း နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် အများပြည်သူသုံးယာဉ်လိုင်း များဖြင့် အသုံးပြုသွားလာရန် အတွက် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က အစည်းအဝေးခေါ်ယူ၍ စီစဉ်နေသော်လည်း လိုက်လံပို့ဆောင်မည့်သူမရှိကြောင်းနှင့် ဖမ်းဆီး၍ လိုက်လံ‌ပို့ဆောင်ရသူတိုင်းလည်း အသတ်ခံရသူများ ရှိကြောင်း သိရသည်။

“ကျွန်တော်က မသေဘဲလွတ်လာသူပါ။ ချောဆွဲခံရတာ။ ကုန်ကားမောင်းတာပါ။ သူတို့နဲ့ လမ်းမှာတွေ့တော့ တားပြီး သူတို့သွားမယ့်နေရာလိုက်ပို့ခိုင်းတယ်။ ထမင်းလည်း မစား ရဘူး၊ သူတို့လည်း မနားဘဲသွားကြတာ။ နောက်နှစ်ရက်လောက်နေတော့ ခဏနားတဲ့ အချိန်မှာ ကားကိုမောင်းနေရင်း ကျွန်တော်ခုန်ချထွက် ပြေးတာ။ နောက်ကနေ သေနတ်နဲ့လှမ်းပစ်တာ ကံကောင်းလို့မသေတာပေါ့ဗျာ။ ခုတော့ နယ်ဘက်မှာ တော်လှန်ရေးထဲ၀င်ပြီး သူတို့ကို ပြန်တိုက်ခိုက်နေတာ” ဟု မျက်မြင်ကြုံခဲ့သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့အများပြည်သူသုံး လိုင်းကားများအသုံးပြု၍ သွားလာခြင်း၊ လက်နက်သယ် ဆောင် ခြင်းများကို စစ်ကောင်စီတပ်မှ ပြုလုပ်နေသည်မှာ အချိန်ကာလတစ်ခု အထိရှိပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးထံက သိရသည်။

“ခုလိုလုပ်တာ ပြောရရင် အာဏာသိမ်းစကတည်းကလို့ပဲပြောရမယ်။ ခရီးသည်တွေနဲ့ ရောပြီး သယ်တယ်။ ခရီးသွားဟန်ဆောင်ပြီးတော့ပေါ့။ ကျွန်တော်တို့က သတင်းဦး အောင် အထူးသတိထားရတာပေါ့။ ဒါမျိုး တွေလွတ်သွားရင် နယ်အတွက်ထိခိုက်မှု အရမ်းများတယ်။ ပြည်သူတွေကိုလည်း မထိခိုက်အောင်ရှောင်ရတယ်။ သတင်းလက်ဦး မှုရအောင် စစ်ဆေး‌နိုင်အောင် လုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ကို ကြိုးစားနေပါ တယ်။ ပြည်သူကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပေးပါ။ ဒီလိုလက်နက်သယ်တာ လွတ်သွားရင် ကျွန်တော် တို့ထိခိုက် ပေးဆပ်ရတာတွေ အရမ်းဆုံးရှုံးမှုများပါတယ်”ဟု စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၏ ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)ခေါင်း ဆောင် ကိုနွေဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF)က အများပြည်သူ ခရီးသွားယာဉ်များမှ စစ်ကောင်စီတပ်၏အဖွဲ့ဝင်များ သို့မဟုတ် လက်နက်ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း နှင့် ချင်းပြည်သို့ ဒေသခံ ချင်းပြည်သူများမှအပ ပြင်ပမှ ခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#စစ်ကောင်စီတပ် #အများပြည်သူသုံး #ယာဉ်လိုင်း #ငှားရမ်း #လက်နက်သယ်ယူ #Ayeyarwaddy_Times