ဧရာဝတီတိုင်းမ်
ချောင်းသာ၊ ဇူလိုင်လ ၁ ရက်

ဧရာဝတီတိုင်း ချောင်းသာမြို့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေသည့် ဒေသခံများကို PDF နှင့်သက်ဆိုင်သည့် အွန်လိုင်းဂိမ်းအသုံးပြုသူရှိမရှိ လက်ကိုင်ဖုန်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကာ မြို့ခံလူငယ် ငါးဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း မြို့ခံများထံက သိရသည်။

ချောင်းသာမြို့အဝင် ဥတို တံတား စစ်ဆေးရေးဂိတ်နှင့် ချောင်းသာကမ်းခြေအဝင်နေရာတို့၌ ယနေ့ဇူလိုင်လ ၁ရက် နံနက် ကစပြီး စစ်ကောင်စီတပ်၊ရဲနှင့်ပျူစောထီးအဖွဲ့များမှ ကင်းပုန်းဝပ်ပုံစံဖြင့် စောင့်ကြည့်မှုများ ပြုလုပ်နေပြီး လမ်းအသွားအလာပြုလုပ်နေသည့် ဒေသခံများ၏ လက်ကိုင်ဖုန်းများကို တောင်းယူဖွင့်ကြည့်ကာ ဖုန်းအတွင်းတွင် PDF အွန်လိုင်းဂိမ်းအသုံးပြုခြင်းရှိမရှိကိုပါ စစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

” ဒီနေ့မနက်ပဲဆိုင်ကယ်စစ်သလိုနဲ့ဖုန်းတွေပါတောင်းစစ်တာ။ PDF ဂိမ်းတွေဆော့နေလား ရှိရင်တခါထဲကို ဖမ်းမယ်ဆိုပြီးဖုန်းကိုအတင်းလော့ဖွင့်ခိုင်းတယ်။ facebook အကောင့်တွေလည်း ဝင်ကြည့်ပြီးတော့ စစ်တယ်။စစ်တပ်၊ရဲ၊ပျူစောထီး၊မီးသတ်တွေအင်အားများတယ်” ဟု ၄င်းကပြောသည်။

ယင်းသို့စစ်ဆေးဆောင်ရွက်နေစဥ်အတွင်း ဒေသခံ ငါး ဦးထက်မနည်းကို စစ်တပ်နှင့်ရဲအဖွဲ့က ဖမ်းဆီးခဲ့ပြီး ချောင်းသာနယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိရသည့် ဒေသခံများထံကသိရသည်။

” ဖုန်းစစ်ခံရတာလားတော့မသိဘူး။လူငယ် ငါး ယောက်လောက်ကို ရဲစခန်းဖမ်းခေါ်သွားတာတွေ့လိုက်ရတယ်။ အခုမြို့အဝင်အထွက်မှာကော လမ်းပေါ်မှာပါ စစ်ဆေးရေးတင်းကြပ်ထားတယ်” ဟု မျက်မြင်တွေ့ရှိရသည့် မြို့ခံတစ်ဦးကဆိုသည်။

ယင်းလက်ကိုင်ဖုန်းမျာအပေါ်PDFအွန်လိုင်းဂိမ်းအသုံးပြုခြင်းနှင့်လူမှုစာမျက်နှာအသုံးပြုမှုအပေါ စစ်ဆေးဆောင်ရွက်ရန်ဧရာဝတီတိုင်းရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)နှင့်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ လျို့ဝှက်ညွှန်ကြားထားခြင်းဖြစ်ပြီးယခုဇူလိုင်လတစ်လနီးပါးကြာအထိစစ်ဆေးဖမ်းဆီးမှုပြုလုပ်ရန်ရှိနေကြောင်း တိုင်းရဲတပ်ဖွဲ့သတင်းအရင်းအမြစ်ထံကသိရသည်။

” နတခနဲ့ တိုင်းရဲတပ်ဖွဲ့ကနေတဆင့် ညွှန်ကြားလိုက်တာ။ ဖုန်းတွေကိုအရင်ကတည်းက စစ်ခိုင်းထားတာကြာပြီ ။ပြန်ပြီးလုပ်ခိုင်းတဲ့သဘောပေါ့။ ဖုန်းထဲမှာPDF နဲ့ပက်သက်တဲ့ဂိမ်းတွေ အကောင့်တွေ ရှင်းထားရင် အကောင်းဆုံးပဲ။ အခု တစ်လလုံးဖမ်းဖို့ရှိနေတာ။တွေ့တာနဲ့ အကြမ်းဖက်ပုဒ်မတပ်ပြီး တန်းအမှုဖွင့် ခိုင်းထားတယ်” ဟုတိုင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ် ကပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကစကာ ချောင်းသာမြို့နယ်ခွဲအတွင်း PDF များပုန်းခိုနေသည်ဟုဆိုကာ စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသလို လမ်းအသွားအလာများထံမှလည်း ငွေကြေး တောင်းခံမှုများရှိနေသည်။

#ချောင်းသာ #စစ်ကောင်စီ #ဖုန်းများကို #တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရ
#Ayeyarwaddy_Times