ဆောင်းပါးရှင်-နှင်းလွင်/ဧရာဝတီတိုင်းမ်
(ဇူလိုင်လ ၁ ရက်)
စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ အစောပိုင်းကာလမှ စတင်၍ လူထုသပိတ်များ ဆက်တိုက် ဖြိုခွဲခံနေရချိန်၊ နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်များ ဖမ်းဆီးသတ်ဖြတ် ခံနေရချိန်တွင် စစ်တပ်ထောက်ခံသူများက တစ်ညီ တစ်ညာတည်း ပြောဆိုခဲ့ကြသည့် စကားတစ်ခုရှိသည်။
“မကြာခင် အကုန် ငြိမ်သွားလိမ့်မယ်၊ စစ်တပ်က တကယ်လုပ်နေပြီ”
အာဏာသိမ်း စစ်တပ်သည် ဆန္ဒပြသည့် လူငယ်များကို လမ်းမပေါ်၌ပင် ပစ်သတ်ကာ အိမ်ထဲ ၀င်ရောက် ဖမ်းဆီး၍ မိသားစု၀င်များကို အလောင်းလာပြန်ယူခိုင်းသည့် ဖြစ်ရပ် များကိုလည်း အကြိမ်ရေများစွာ ကျူးလွန်ခဲ့သည်။
“အိမ်ထဲမှာ အေးဆေးနေ ရင် ဖြစ်မှာမဟုတ်ဘူး။ အိမ်ထဲမှာမှ မနေတာ” ဟု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် လူငယ်များကို လှောင်ပြောင်သရော်ခဲ့သည်။
စစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လူထုကို ဖေဖော်ဝါရီ လလယ် လောက်မှစတင်၍ အသံမြည်ဗုံး၊ (၁၂)ဗို့ ပြောင်းချောသေနတ်၊ မီးခိုးဖြူဗုံး၊ မျက်ရည်ယိုဗုံးများနှင့်အတူ ကျည်ဆံအစစ်များများသုံးကာ နှိမ်နင်းခဲ့သည်။
ကျည်ဆံအစစ်များ၏ ဦးတည်ရာသည် ငြိမ်းချမ်းစွားဆန္ဒထုတ်ဖော်နေသူများ၏ ဦးခေါင်း များဆီသို့ဖြစ်ပြီး ထိုစဉ်အခါက အာဏာသိမ်းစစ်ကောင်စီ၏ လက်ကိုင်စကား စကားတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့သည်။
“ ခေတ်ကို ပြောင်းချင်လို့ ခေါင်းကို ပစ်တာ”
စစ်ကောင်စီတပ်သည် လမ်းပေါ်တွင် ဆန္ဒဖော်ထုတ်နေသူများကိုသာမက အိမ်ထဲတွင် ရှိနေသူများကိုပါ ပတ်ခတ် သတ်ဖြတ်ခဲ့သည်။ စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က မန္တလေးမြို့ အောင်ပင်လယ် ရပ်ကွက်တွင် နေအိမ်ထဲ၌ ဖခင်ဖြစ်သူ ပွေ့ချီထားတဲ့ အသက်ခုနစ်အရွယ် မခင်မျိုးချစ်ကို ပစ်ခတ်ခဲ့တာကြောင့် ဝမ်းဗိုက်ကို သေနတ် ကျည်ဆံ ထိမှန်၍ ဖခင်ဖြစ်သူ လက်ပေါ်တွင်ပင် သေဆုံးခဲ့ရသည်။
ဖခင်ဖြစ်သူ၏ လက်ပေါ်တွင်ပင် သေဆုံးခဲ့ရသည့် မခင်မျိုးချစ်သည် မောင်နှမ ရှစ် ယောက်အနက် အငယ်ဆုံးဖြစ်ပြီး မိသားစုသည် အစ္စလာမ် ဘာသာဝင်များ ဖြစ်သည်။
စစ်တပ် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခြင်းကြောင့် ဖမ်းဆီးပြီး သတ်ဖြတ်ခံရ သူများအနက် စုအသက်မွေးဝမ်း ကျောင်းသင်တန်းတာဝန်ခံ ဦးဇော်မြတ်လင်း (၄၆) နှစ်၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရမှုသည် လူမဆန်သည့် ရက်စက်မှု တစ်ခုအဖြစ်ထင်ရှား ခဲ့သည်။
စစ်ကောင်စီတပ်သည် ဦးဇော်မြတ်လင်းကို ရန်ကုန်ရှိ ၎င်း၏နေအိမ်တွင် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ ညပိုင်းက လာရောက်ဖမ်းဆီးခဲ့ပြီး နောက်ရက်တွင် အလောင်းလာရောက် ထုတ်ယူရန် မိသားစုကို အကြောင်ကြားခဲ့သည်။ သေဆုံးပြီးနောက် ဦးဇော်မြတ်လင်းကို ရိုက်ယူထားသည့် ဓာတ်ပုံများအရ ရုပ်အလောင်းတွင် မျက်နှာအရေပြားများ ကွာကျနေခြင်း၊ လျှာအနေအထားပျက်၍ သွားများမရှိတော့ခြင်း ခန္ဓာကိုယ်တခြမ်း အညိုအမည်းစွဲ၍ ဝမ်းဗိုက်တွင် ချုပ်ရာများကို တွေရှိခဲ့သည်။
စစ်ကောင်စီတပ်သည် အဓမ္မ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်၍ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နှစ်လ အတွင်း အရပ်သားပြည်သူ ၅၃၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီတပ်၏ လူမဆန်သည့် အကြမ်းဖက်မှု နှင့် သတ်ဖြတ်မှုများကြောင့် အေးချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ်များသည် စစ်ကောင်စီတပ်ကို ပြန်လည် ခုခံရန်အတွက် ၂၀၂၁ဆ ခုနှစ် ဧပြီလကုန်ပိုင်းလောက်မှ စတင်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ (EROs) များရှိရာသို့ ထွက်ခွာ၍ စစ်ပညာများသင်ယူ ခဲ့ကြသည်။
တချို့လူငယ်များသည် မြို့ပြများဆီသို့ တိတ်တဆိတ်ပြန်လည်ဝင်ရောက်ကာ စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရန် ၊ စစ်ကောင်စီထံ သတင်းပေး ဒလန်လုပ်ကာ ၎င်းတို့၏ ဘ၀များကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခဲ့သူ စစ်ကောင်စီဒေါက်တိုင်များကို တုံ့ပြန်ရန်အတွက် မြို့ပြပျောက်ကျား တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ကြသည်။
စစ်ကောင်စီတပ်နှင့် စစ်ကောင်စီနောက်လိုက်များ၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ပြည်သူလူထု၏ ခုခံတော်လှန်ရေး ပိုမိုအားကောင်းလာသဖြင့် စစ်တပ်ထောက်ခံသူများသည် ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပျူစောထီးအဖွဲ့ကို မန္တလေး မြို့တွင် လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။
ထို့သို့ ဖွဲ့စည်းပြီးနောက် ပျူစောထီး(ဗဟို)က အဆိုပါကြေညာချက်ကို ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာခဲ့သည်။ စတင်ထူထောင်ချိန်က မန္တလေးတိုင်းဒေသကြီး ပျူစောထီး အဖွဲ့(အထက်မြန်မာပြည်)နှင့် ရန်ကုန်တိုင်းဒေသကြီး (အောက်မြန်မာပြည်) အဖွဲ့ဟူ၍ အဖွဲ့နှစ်ဖွဲ့ကိုသာ ဖွဲ့စည်းနိုင်ခဲ့ပြီး ကျန်ရှိတိုင်းနှင့် ပြည်နယ်များ၊ မြို့နယ်အဖွဲ့များကို လမ်းညွှန်ချက်ပေးကာ တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ထုတ်ပြန် ဖော်ပြခဲ့သည်။
ထို့ပြင် တစ်ဖက်တွင်လည်း ပြည်သူလူထုကို ယခင်ကထက်ပိုမို၍ ရန်သူလို သဘောထား ဆက်ဆံလာကာ ကျေးရွာများ၊ ဆေးရုံ၊ စာသင်ကျောင်းများကို မိနစ်ပိုင်းအတွင်း သွေးညှီနံ့၊ ယမ်းနံ့များ ဖုံးလွှမ်းသွားအောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ကို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့သည်။
မြေပြင်တွင်လည်း ဒေသခံများကို အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့် လုယက်ခြင်းများအပါအဝင် ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး ခြင်းများ နေ့စဉ်လိုလို လုပ်ဆောင်လာသည်။
ယင်းအပြင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ NLD ပါတီဝင်များနှင့် ၎င်းတို့မိသားစုဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟုဆိုကာ “သွေးသစ္စာ” အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ထပ်မံဖွဲ့စည်းခဲ့ပြန်သည်။
နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်တပ်ထောက်ခံသူများကို နေပြည်တော် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တုံ့ပြန်ဆောင်ရွက်ရန် ထိုအဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
အဆိုပါ “သွေးသစ္စာ” အဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ CRPH ၊ NUG နှင့် PDF များ၊ NLD ပါတီဝင်များ၊ NLD ပါတီအားပေး ထောက်ခံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်း၊ နေအိမ်၊ အဆောက်အဦများနှင့် စီးပွားရေးလုပ်ငန်းများကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့အပြင် NLD ပါတီဝင်များ၊ ထောက်ခံသူများနှင့် မိသားစုဝင်များကို တန်ပြန် သတ်ဖြတ်မည်ဟုဆိုကာ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်မှစ၍ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် ”သွေးသောက်” အမည်ဖြင့် အဖွဲ့တစ်ဖွဲ့ကိုလည်း ထပ်မံဖွဲ့စည်းခဲ့ပြီး တစ်ပတ်အတွင်း NLD ပါတီဝင်နှင့် မိသားစုဝင်များ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးများ၏ လည်ပင်းနှင့် ၎င်းတို့၏ အနီးတွင် သွေးသောက်အမှတ်တံဆိပ်ပါ လည်ဆွဲများ ဆွဲ၍ သွေးသောက်အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့အနေဖြင့် မသိရှိသလို ပတ်သက်မှုလည်း မရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပြီး ၎င်းတို့လက်အောက်တွင် စစ်တပ် ထောက်ခံသူများဖြင့် စုဖွဲ့ထားသော “ပြည်သူ့စစ်” အဖွဲ့သာရှိကြောင်း ပြောဆိုခဲ့သော်လည်း ရှာဖွေ ဖော်ထုတ် ဖမ်းဆီး အရေးယူခြင်း (လုံး၀) မရှိခဲ့ပေ။
အမျိုးသားရေး အစွန်းရောက် မဘသများ၊ စစ်တပ်ထောက်ခံသူများနှင့် အဓိက ဖွဲ့စည်းထားသော အဆိုပါအဖွဲ့များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအပေါ် ဝေဖန်တိုက်ခိုက်မှုများအား အရှိန်မြှင့်လုပ်ဆောင်နေသည့်အပြင် ဆိုရှယ်လူမှုကွန်ရက်မှတစ်ဆင့် ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွါးစေရန် လည်း လုပ်ဆောင်နေကြသူများဖြစ်သည်။
သွေးသောက်အဖွဲ့တွင် အမျိုးသားရေး အစွန်းရောက် မိုက်ကယ်ကျော်မြင့်၊ စစ်ကောင်စီတပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ကိုင်တုတ်များ ဖြစ်ကြသည့် ပေါက်ကိုယ်တော်၊ ကိုကျော်မျိုးဆွေ၊ သာကေတလူမိုက် ကိုတင်လင်းထိုက်နှင့် မဘသဦးဆောင်သူများ၊ အမျိုးသားရေး ဦးဆောင်လှုပ်ရှားသည့် သူများလည်း ပါဝင်ကြသည်။
စစ်တပ်ထောက်ခံသူများ၏ တန်ပြန်သတ်ဖြတ်ခံခဲ့ရသူများမှာ စစ်တပ် အာဏာသိမ်းမှုကို လက်မခံသူများနှင့် NLD ပါတီ ထောက်ခံသူများ ဖြစ်ကြပြီး ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင်ပင် ရုပ်အလောင်းများကို လူမြင်ကွင်း နှင့် NLD ရုံးများရှေ့၌ သွေးသောက်အမှတ်တံဆိပ် လည်ဆွဲစွပ်ပြီး စွန့်ပစ်ခံခဲ့ကြရသည်။
၎င်းတို့၏ တန်ပြန်သတ်ဖြတ်မှုအဖြစ် သန်လျင်လူငယ်သင်တန်းကျောင်းမှ ထွက်ပြေး လာသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့၀င်ဟောင်းဖြစ်သည့် ကိုစန်းမင်းပိုင်၏ မိဘနှစ်ပါးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်က နေအိမ်သို့ သွားရောက်၍ ပျူစောထီးအဖွဲ့များမှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်၊ ညပိုင်းကလည်း CDM ကျောင်းဆရာ PDF တစ်ဦး၏ ၃နှစ်အရွယ် သားငယ်လေး အပါအဝင် မိသားစုဝင် ငါး ဦးကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
“တကယ့်တရားခံအစစ် ဖြစ်ခဲ့တယ်ဆိုရင်လည်း တရားခံရဲ့ မိသားစုကို ပြန်သတ်တယ် ဆိုတာ ဥပဒေမဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်တွေက စစ်တပ်အဖို့ ရိုးနေပါပြီ။ AA ခေါင်းဆောင် ထွန်းမြတ်နိုင် အမျိုးသမီးကိုတောင် ဖမ်းဆီးခဲ့သေးတာဘဲ။ ဓားစာခံလုပ်ရပ်တွေ အမြဲလုပ်လေ့ရှိတဲ့ စစ်တပ်အတွက်တော့ အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဒီလိုဖြစ်စဥ်မျိုး ဖြစ်အောင်လဲ တပ်ထောက်ခံသူတွေက စစ်တပ်ကို နှိုးဆော်ပေးနေပါတယ်။ ဒါကြောင့် တပ်ထောက်ခံသူတွေကိုပါ သင်ခန်းစာများများ ပေးနိုင်မှ တော်ကာကျမယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အမျိုးသားရေးလှုပ်ရှားသူများက လက်နက်တပ်ဆင်၍ ပြည်သူ့စစ်ဖွဲ့ပေးရန်နှင့် အကာအကွယ်ပေးရန် စစ်ကောင်စီထံ တောင်းဆိုမှုများရှိသလို စစ်ခေါင်းဆောင်ကလည်း တရားမဝင် ကိုင်ဆောင်ထားသည့် လက်နက်ခဲ ယမ်းများအတွက် လိုင်စင်လျှောက် ထားရန် အသိပေးခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့ ရက်စွဲဖြင့် လက်နက်ဥပဒေကို လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့သည်။
စစ်အာဏာသိမ်းမှု ၂ နှစ်ကျော် ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာသည့် လူထုခုခံတော်လှန်ရေးကြောင့် စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူ၊ မဘသအဖွဲ့၀င် ဦးတင့်လွင်နှင့် ဒေါ်လီလီနိုင်ကျော်တို့နှစ်ဦး မေ လကုန်ပိုင်းက သတ်ဖြတ်ခံ ခဲ့ရသည်။
၎င်းတို့သတ်ဖြတ်ခံရပြီး များမကြာမီ ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ကျူးလွန်သူ၏ မိသားစု၀င်များကို လက်တုံ့ပြန်ရန် ရေးသားလှုံ့ ဆော်ခဲ့ကြသည်။
ထိုသို့ လက်တုံ့ပြန်ရန် ရေးသားပြီးနောက် ဇွန်လ ၆ ရက်နေ့တွင် ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံ သတ်ဖြတ်ကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကိုကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ပျူစောထီးများက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးရွာရှိ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
“ဘယ်ဘက်ပဲဖြစ်ဖြစ် အသတ်ခံလိုက်ရပြီဆိုရင် များသောအားဖြင့် အသတ်ခံရတဲ့ လူဘက်က မျှတမှုမပါတဲ့ စီရင်မှုမျိုးပေါ့။ လူ့အခွင့်အရေးသဘောအရ ပြောမယ်ဆိုရင် လူတိုင်းက သင့်တင့်လျောက်ပတ်တဲ့ ခုခံချေပပိုင် ခွင့်ရှိရမယ်။ ပြစ်တင်စွဲဆိုမှုတွေ ရှိတယ်၊ စီရင်ချက်ချတယ်ဆိုရင် သင့်တင့်လျောက်ပတ်တဲ့ ခုခံချေပပိုင်ခွင့်နဲ့ ကိုယ့်ရဲ့ ဖြစ်နေတဲ့ အခြေအနေမှာ အပြစ်မရှိကြောင်း တင်သွင်းချေပခွင့် ရှိရမယ်ဆိုတဲ့ဟာက အခြေခံလူ့အခွင့် အရေးအဖြစ် ပြဌာန်းသတ်မှတ်ထားကြတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတရားမှုဆိုသည့် ခေါင်းစဉ်အောက်တွင် ပြန်လည် တရားမျှတလို၍ တရားစီရင်သည့် သဘောအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သတ်ဖြတ်နေခြင်းသည် သမိုင်းတစ်လျှောက်တွင် ဖြစ်လေ့ဖြစ်ထရှိပြီး ဖြစ်ခဲ့သော သာဓက များစွာ ရှိခဲ့၍ အမြဲတမ်းတွေ့ရမည့် သဘောရှိကြောင်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပြောကြားသည်။
“အဓိကပြောချင်တာကတော့ နှစ်ဖက်အခု လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့ အခါကျတော့ စစ်ရေးအရ ပစ်မှတ်တွေပေါ့။ လက်နက်ကိုင်ထားတဲ့ တပ်တို့၊ ရဲ့တို့ စသဖြင့်ပေါ့နော်။ တစ်ဖက်မှာလဲ PDF ပေါ့နော်။ လက်နက်ကိုင်ထား တဲ့ တော်လှန်တိုက်ခိုက်သူတွေပေါ့။ အဲဒီနှစ်ဖက်ကြားမှာ စစ်ရေးနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကိုပဲ တိုက်ခိုက်တာမျိုးက ပြည်သူလူထုအတွက် ပိုကောင်းတာပေါ့ဗျာ။ အဲဒီတော့ စစ်ရေးနဲ့ မဆိုင်တဲ့ ပစ်မှတ်တွေ၊ လူပုဂ္ဂိုလ်တွေကို သတ်ဖြတ်တယ်ဆိုရင် ကမ္ဘာကတော့ အဲဒါမျိုးကို အကြမ်းဖက်သမား၊ အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်တာပေါ့” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သွေးသောက်အဖွဲ့သည် သေနတ်ခဲယမ်းများ ကိုင်ဆောင်ကာ လူနေရပ်ကွက်၊ လူနေ အိမ်များထိပါ အတားအဆီးမရှိ ၀င်ရောက်ဖမ်းဆီး သတ်ဖြတ်ခွင့် လူသတ်လိုင်စင် ရရှိ ထားသလို ပြုမူနေကြသည်။
အလားတူ ဇွန်လ ၇ ရက်၊ ည ၁၀ နာရီခွဲခန့်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုဖြစ်သူ ဦးသန်းမြင့်အား ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဒေါပုံနွယ်အေးဗလီ အနီးတွင် စစ်ကောင်စီ လက်ပါးစေများက ဓားဖြင့် ထိုးသတ်ခဲ့သည်။
“ဒီလိုအခြေအနေမျိုးဆိုရင်တော့ ပြည်သူတွေအတွက် လုံးဝမလုံခြုံတော့ဘူး။ ပဒေသရာဇ်ခေတ်ကို ပြန်ရောက်နေပြီလို့တောင် ပြောလို့ရတယ်။ အဲဒီတော့ အခု အာဏာသိမ်းဖြစ်စဥ်မှာ မအလ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ရဲ့ လက်ပါးစေ တွေကို ခုခံတော်လှန်တဲ့နေရာမှာ လူတိုင်းလူတိုင်း ကိုယ်စီတာဝန်အဖြစ် ခံယူထားဖို့ လိုနေပါပြီခင်ဗျာ။ ပြောရမယ်ဆိုရင်တော့ စစ်တပ်ကို တတ်နိုင်တဲ့ဘက်က နည်းပေါင်းစုံနဲ့ တွန်းလှန်မှ ဖြစ်ပါမယ်။ လက်ပါးစေတွေ အိမ်တံခါးလာခေါက်မှ ဘာမှလုပ်လို့ မရပါဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
#သတ်ဖြတ်မှုများနှင့်စစ်ကောင်စီ၏လက်ကိုင်တုတ်များ #သွေးသောက် #ပျူစောထီး #မြို့ပြပြောက်ကျား #သွေးသစ္စာ #သတင်းဆောင်းပါး #Ayeyarwaddy_Times