ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင် ၁ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့် အစုံဖြင့် ကင်းပုန်းဝပ်နေပြီး လမ်းတွင်သွားလာနေသော

ဒေသခံအမျိုးသား လူငယ်တစ်ဦးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က ပစ်ခတ်မှုကြောင့် ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်းဒေသခံများထံက သိရသည်။

အလားတူ မင်းတပ်မြို့၊ (၂၇၄) တပ်ရင်းက စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ ညသန်းခေါင်ယံတွင် သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ အနောက်ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က၊ မင်းတပ်မြို့၊ မိခင်နဲ့ ကလေးနားစောင့်ရှောက်ရေးအသင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးတယ်လို့ သိရပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး ။အတည်ပြုရန်စုံစမ်းနေဆဲပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် (၂၇၄) တပ်ရင်းရှိ စစ်ကောင်စီတပ်သားများသည် မင်းတပ်မြို့၊ အနောက် ၂ မိုင်ခန့်အကွာ ပိုးစားပင်ခြံတွင် နေထိုင်သည့် အိမ်ထောင်စု သုံး စု မိသားစုဝင်များကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိအချိန်အထိ တချို့ကိုသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်းဒေသခံများထံက သိရသည်။

မင်းတပ်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ပြားခြင်းကြောင့် ဒေသခံများကို လေကြောင်းအပါအဝင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-မင်းတပ်မြို့
#ချင်းပြည်နယ် #မင်းတပ်မြို့ #စစ်ကောင်စီ #သေနတ်ပစ်ခတ် #ဒေသခံလူငယ်တစ်ဦးသေဆုံး #တစ်ဦးဒဏ်ရာရရှိ
#Ayeyarwaddy_Times