ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်

နိုင်ငံတော်ပိုင်ဘဏ်နှစ်ခုဆန်ရှင်ထိသဖြင့် ရင်းနှီးမြှပ်နှံသူများက ဒေါ်လာဈေးကွက်ကနေ ခိုင်မာသော အိမ်ခြံမြေ ဈေးကွက်ထဲရောက်ရှိလာ၍ အိမ်ခြံမြေဈေးကွက်လှုပ်ခတ်ပြီး ဈေးမြင့်လျက်ရှိကြောင်းသတင်းရရှိသည်။

လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်း ဒေါ်လာရောင်းဝယ်လုပ်သူများအပြင် ကားရောင်းအဝယ်လုပ်သူများလည်းဝင်ရောက်ရင်းနှီးမြှပ်နှံလာပြီး ဈေးကစားသူများ‌သောကြောင့် အိမ်ခြံမြေဈေးများမြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦး ပြောကြားသည်။

“ ဒေါ်လာဈေးအတက်အကျဖြစ်တော့ အိမ်ခြံမြေလုပ်ငန်းဘက်ကိုဝင်လာတယ်။ ပြီးတော့ ကားဝယ်ရောင်း လုပ်တဲ့သမားတွေက ကားတွေကအရမ်းကြီးဈေးမြင့်တော့ ကားအရောင်းအဝယ်မလုပ်ဘဲနဲ့ အိမ်ခြံမြေဘက်ကို ဝင်လာတဲ့သူတွေလည်းရှိတယ်။ ကားတွေကပျက်စီးလွယ်တဲ့အခါကျတော့ အဲဒီကိုရင်းနှီးမမြှပ်နှံပဲနဲ့ အိမ်ခြံမြေ ဘက်ကိုဆင်းတဲ့သူရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဈေးနှုန်းအတက်အကျမြန်ဆန်သည့်ဒေါ်လာနှင့်ရွှေဈေးကွက်ထက် ခိုင်မာသောအိမ်ခြံမြေဈေးကွက်ထဲသို့ဝင် ရောက်လာသူများပြီး မြို့နယ်အပိုင်းအခြားလိုက်အရောင်းအဝယ်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ သူတို့နိုင်တဲ့ငွေနဲ့ သူတို့ ကျပ်သိန်း ၅၀၀ လောက်နိုင်တယ်ဆို ၅၀၀ တန်ဝယ် ပြီးရင်ခွာပြီးခေါ်တာပေါ့နော်။ အရောင်းအဝယ်လုပ်ချင်တာကိုအနည်းဆုံးဈေးကွက်ထဲမှာ ကျပ် သိန်း ၅၀၀ တန်တာကို ၆၅၀ ပြန်ခေါ်တယ်။ သိန်း၁၀၀နဲ့ ၁၅၀ လောက်ဟပြီးပြန်ခေါ်ကြတယ်။ အဲဒီလိုမျိုးရှိတယ်” အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

အိမ်ခြံမြေဈေးကွက်အဝယ်လိုက်နေသော်လည်း တချို့အရောင်းအဝယ်များတွင် ရန်ကုန်မြို့ထဲရှိတိုက်ခန်းကို ရောင်းချပြီး မြို့စွန်ရှိတိုက်ခန်းပြောင်းနေထိုင်သူများရှိပြီး စီးပွားရေးလည်းကျပ်တည်းသဖြင့် ငွေကြေးဝန်ပေါ့ရာ နေရာသို့ပြောင်းရွှေ့နေထိုင်ကြကြောင်း သင်္ဃကျွန်းမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

“ ကန်တော်လေးမှာ အခုနေနေတဲ့တိုက်ခန်းရောင်းတာ သိန်းနှစ်ထောင်ကျော်ရတယ်။ အဲဒီပိုက်ဆံနဲ့မြို့ထဲက တိုက်ခန်းပြန်ဝယ်နေရင်လည်းဈေးတွေကခေါင်ခိုက်နေတော့ သင်္ဃန်းကျွန်းဘက်မှာ သိန်း ရှစ်ရာလောက်နဲ့ နည်းနည်ကျယ်တဲ့တိုက်ခန်းပြန်ဝယ်နေမလို့ ၊ ကျန်တဲ့ပိုက်ဆံကျတော့လည်း အရင်းအနှီးလုပ်ဖို့ပေါ့” ဟု မေတ္တာညွှန်ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်ရှိတိုက်ခန်းဈေးများတွင် ကျပ်သိန်းတစ်ထောင်အထက်တွင်ရှိနေပြီး မြို့ထဲနှင့်နီးသော သာကေတမြို့နယ်ဘက်တွင် တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း လေးရာမှ ငါးရာကြား၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်ခွင့်( BCC) ရှိသည့်တိုက်ခန်းများက ကျပ်သိန်းလေးရာကျော်ရှိ၍ နေထိုင်ခွင့်မကျသေးသည့်တိုက်ခန်းများက ကျပ်သိန်းသုံးရာဝန်းကျင်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များ ထံမှသိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်းမြို့နယ်အများအဝါအဝင် အခြားမြို့နယ် များတွင် ခြံနှင့်အိမ် ပေ ၄၀ နှင့် ပေ ၆၀ အကျယ်ရှိပါက ကျပ်သိန်းနှစ်ထောင်မှ သုံးထောင်ကြားပေါက်ဈေးရှိပြီး အိမ်နှင့်ခြံအကျယ်အလိုက် ကျပ်သိန်းထောင်ချီဈေးခေါ်လျှက်ရှိကြောင်း အိမ်ခြံမြေပွဲစားများထံမှ သိရသည်။

ထို့ပြင်နိုင်ငံမတည်ငြိမ်မှုများကြောင့် စစ်တပ်အသိုင်းအဝိုင်းအများဆုံးနေထိုင်ရာ နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များသို့ပြောင်းရွှေ့နေထိုင်သူများရှိကာ ယင်းဒေသတို့တွင်အိမ်ခြံမြေဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဘဏ်ဆန်ရှင်သတင်း #အိမ်ခြံမြေဈေးကွက် #လှုပ်ခတ်ပြီးဈေးမြင့်လျက်ရှိ #Ayeyarwaddy_Times