ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂ ရက်
မကွေးတိုင်း၊ ချောက်မြို့အနီး ဝါဇီစက်ရုံမြောက်ဘက် လေးမိုင်ခွဲခန့်တွင် စစ်ကောင်စီတပ် ကင်းပုန်း၀ပ် နေသည့်အဖွဲ့မှ ကင်းလာစစ်သည့်အဖွဲ့ကို အမေးအမြန်းမရှိ ဆက်တိုက် ပစ်ခတ်ခဲ့မှု ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့ ည ၁၁ နာကီ ၃၀ မိနစ်ခန့်က ချောက်မြို့အနီး ဧရာ၀တီ မြစ်တစ်ဖက်ကမ်း လုံခြုံ ရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းစက်ရုံ(လနစ/ဝါဇီ) မြောက်ဘက် လေးမိုင်ခွဲခန့်တွင်ရှိသည့် ဒေါသာလမ်းဆုံကင်းပုန်းအဖွဲ့ကို ဗိုလ်ကြီးကောင်းဇော်ဝေထွန်း ဦးစီး သည့် ကင်းစစ်အဖွဲ့မှ သွားရောက်စစ်ဆေးစဉ် ကင်းပုန်း၀ပ်နေသည့် ၁၃ ဦးပါအဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်သားတစ်ဦးသေဆုံးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ဗိုလ်ကြီး ကောင်းဇော်ဝေထွန်းဦးစီးတဲ့ ကင်းစစ်အဖွဲ့ လေးယောက်က သွားစစ်ဆေး ချိန်မှာ ဗိုလ်ကြီးဇင်ထွန်းဦး ဦးစီးတဲ့ ကင်းပုန်းအဖွဲ့က အမေးအမြန်းမရှိဘဲ သေနတ်နဲ့ အချက် ၂၀ နီးပါးလောက် အတွဲလိုက် ထပစ်တာ။ ဒီဘက်က ကင်းစစ်သွားတဲ့အဖွဲ့က ရဲတပ် သားတစ် ယောက်ကိုထိတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်မှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ပစ်ခတ်ခတ်မှုကြောင့် ကင်းစစ်အဖွဲ့မှ ရှေ့ဆုံးမှ တက်သွားသည့် ရဲတပ်သား အောင်သူရလွင်ကို ကျည်ထိမှန်ပြီး ကျည်ဖောက်၀င်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားသည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ ဖြစ်စဉ်မှ တာ၀န်ရှိသူ များကို စစ်ကောင်စီတပ်က စုံစမ်းစစ်ဆေးအရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။
#မကွေး# ဝါဇီ #လနစ #စစ်ကောင်စီတပ် #အချင်းချင်း #မှားယွင်းပစ်ခတ် #Ayeyarwaddy_Times