ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ အဝေးပြေးလမ်းမကြီးများတွင် သွားလာမည့် ခရီးသွားပြည်သူများအနေဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်၍ ည ၆ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသကွပ်ကဲရေးရုံးက ထုတ်ပြန်ထားသည်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲအတွင်းရှိ ပဲခူးတိုင်း ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဘားအံ လမ်းပိုင်းများတွင် ပြည်သူများအနေဖြင့် ပြည်သူများအ‌နေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် လိုက်နာရမည့် အချက်များကို ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ ဘယ်လိုစစ်‌ဆင်ရေးမျိုးပဲ ဆောင်ရွက်ဆောင်ရွက် ပြည်သူကိုထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားတဲ့အတွက် အခုလို ကြေညာချက်ထုတ်ရတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေ၊ တပ်စခန်းတွေအနီးနားမှာ မနေဖို့ရယ်၊ အိမ်စီးကားတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေ မသယ်ဆောင်ဖို့ကိုလည်း မေတ္တာရပ် ခံပါတယ်” ဟု စစ်ဒေသခွဲ (၂) ဒုတိယစစ်ဆင်ရေးမှူး ဦးတင်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းများတွင် နေ့အချိန်သွားလာရာ၌လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံ၍ စစ်ဆေးခံကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ပါ အချက်များအား လိုက်နာရန်ပျက်ကွက်ပါက ဖြစ်လာနိုင်မည့် အကျိုးဆက်များကို စစ်ဒေသခွဲ (၂) မှ တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဆိုထားသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် တောင်ပိုင်းစစ်ဒေသအတွင်း စစ်ရေးအရှိန်မြှင့် လှုပ်ရှား လာပြီး မော်လမြိုင်-ရေး-ထားဝယ်-မြိတ် အမှတ်(၈)အဝေးပြီးလမ်းမကြီးတွင်လည်း ပြီးခဲ့သည် ဇွန်လ ၁၅ ရက်နေ့ကစတင်ပြီး တော်လှန်ရေး တပ်ဖွဲ့များက နေစဉ်လုံခြုံရေးယူ စစ်ဆေးလျက်ရှိသည်။

ဓာတ်ပုံ – ရေးမြို့နယ်လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးနေပုံ။
#ပဲခူးတိုင်း #မွန်ပြည်နယ် #အဝေးပြေးလမ်းမကြီးများ #ည၆နာရီမနက်၆နာရီ #ဖြတ်သန်းသွားလာခြင်းမပြု #အမှတ်၂စစ်ဒေသခွဲ #Ayeyarwaddy_Times