ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့တွင် ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်း၌ မြို့တွင်းရှိ ဆန်စပါးကုန်သည်များနှင့် ဆန်စက်များထံမှ ဆန်စပါးများကို တပ်ရိက္ခာဟုဆိုကာ စစ်ကောင်စီတပ်မှ လာရောက်သိမ်းဆည်းသွားကြောင်းမြို့ခံဆန်ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

ညနေ ၆ နာရီဝန်းကျင်ခန့်၌ စစ်ကား ၅၀ စီးခန့်ဝင်ရောက်လာကာ မြို့တွင်းရှိဆန်စက် (၃၀)ကျော်မှ ဆန်စပါးတန်ချိန် အများအပြားကို တပ်ရိက္ခာဟုအကြောင်းပြ၍ စစ်ကောင်စီတပ်မှလာရောက်သိမ်းဆည်းသယ်ဆောင်သွားကြောင်း မြို့ခံဆန်စက်ပိုင်ရှင်များမှပြောသည်။

” မြို့ထဲကိုစစ်ကား အစီး ၅၀ နဲ့ဆန်စက်တွေထဲကိုအတင်းဝင်လာတာ။ ပြီးတော့တပ်ရိက္ခာစုဆောင်းဖို့ဆိုပြီးတော့ ဆန်တွေကောမကြိတ်ရသေးတဲ့ စပါးတွေပါ အကုန်သယ်သွားတယ်။ ကျွန်တော့်ဆီက တန် ၃ ထောင် လောက်အတင်းယူသွားတာ။ အခြားဆန်စက်တွေလည်းဝင်ပြီးယူသွားတယ်လို့သိရတယ်” ဟု မြို့ခံဆန်စက်လုပ်ငန်းရှင်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

တပ်ရိက္ခာအဖြစ် ဆန်စပါးသိမ်းဆည်းခံရမှုတွင် ကုန်သည်တစ်ဦးလျှင် ဆန်စပါးတန် ၅၀၀၀ ထက်မနည်း သိမ်းဆည်းခံခဲ့ရကာ တန်ချိန် ၃ သိန်း ကျော်ထက်မနည်းရှိနေကြောင်း မြို့ခံဆန်စပါးကုန်သည်များမှ ပြောဆိုသည်။

ယင်းတပ် ရိက္ခါသိမ်းဆည်းမှုအပေါ် ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာန ချုပ်(နတခ)မှဖြစ်ကာ ဆန်စပါးများသယ်ဆောင်ပြီးနောက် ပုသိမ်မြို့ဘက်သို့စစ်ကားများပြန်လည်ထွက်ခွာသွားသည်ကိုတွေ့ရှိခဲ့ကြောင်းမျက်မြင်တွေ့ရှိခဲ့သည့်ဒေသခံများမှပြောဆိုသည်။

” စစ်ကားတွေမြို့ထဲညနေပိုင်းဝင်ပြီး​တော့ ညတွင်းချင်းပြန်ထွက်သွားတာ။ ကားတွေအကုန် ပုသိမ်ဘက်ကိုထွက်သွားတာတွေ့ခဲ့ရတယ်။ ပုသိမ်တပ်ဘက်ကဖြစ်ဖို့များမယ်။မြို့ထဲမှာကရိက္ခာလာယူတာမတွေ့ဖူးဘူး” ဟု မြို့ခံနောက်တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လပိုင်းကလည်း မြောင်းမြနှင့်ဝါးခယ်မ မြို့တို့ရှိ ဆန်စပါးကုန်သည်များထံမှဆန်များ ကိုတပ်ရိက္ခာစုဆောင်းသည်ဟုဆိုကာစစ်ကောင်စီတပ်မှသိမ်းဆည်းမှုရှိခဲ့ကြောင်း ‌ဒေသခံများထံမှ သိရသည်။

#ဝါးခယ်မမြို့ #စစ်ကောင်စီတပ် #ဆန်လုပ်ငန်းရှင် #ဆန်စက်ပိုင်ရှင်များထံမှ #ဆန်များလိုက်သိမ်းနေ #Ayeyarwaddy_Times