ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ ဇူလိုင်လ ၂ ရက်
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်း နှင့် ရဲစခန်းအနီးရှိ လောင်းကစားဝိုင်းကို ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်က သာယာဝတီ ခရိုင် PDFတပ်ရင်း (၃၈၀၂၀ တပ်ခွဲ-၄ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေတန်းမြေPDF) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းနှင့် ပျူစောထီးများ ဦးဆောင် ဖွင့်ထားသည့် လောင်းကစားဝိုင်းကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လောင်းကစားဝိုင်း လုံခြုံရေးယူပေးနေသည့် နယ်ထိန်းရဲ ရဲတပ်ကြပ်ကြီးအောင်ခိုင်၊ ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ပျူစောထီးကြည်လွင်၊ ပျူစောထီးအေးမင်းတို့ သေဆုံးခဲ့ပြီး ကျန်ပျူစောထီးအဖွဲ့ဝင် ငါး ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရဲစခန်းကိုရော လောင်းကစားဝိုင်းကိုပါ တိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှာက ဘန်ကာတွေ များတာကြောင့် ထိထိမိမိ မတိုက်ခဲ့ရဘူး။ သေသွားတဲ့ ပျူနှစ်ယောက်က လောင်းကစား ဒိုင်ကိုင်တဲ့သူတွေပါ။ ကျွန်တော်တို့ညဘက် တိုက်တုန်းက သန်းဇော်ဦး ဆိုတဲ့ ရဲတစ်ယောက် မျက်စိရှေ့မှာတင်လဲကျသွားတာရှိပေမယ့် ရဲစခန်းဘက်က ပြန်ရတဲ့ စာရင်းတွေမှာ သူကပျောက်နေတယ်။ ဒီဘက်ကလောင်းကစားဝိုင်းတွေမှာက ရဲတွေ ကိုယ်တိုင်က လုံခြုံရေးယူရင်းနဲ့ ဝင်ကစားနေကြတာ” ဟု PDF တပ်ရင်း ၃၈၀၂၊ တပ်ရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် ယနေ့ဇူလိုင်လ ၂ ရက်နေ့တွင် အခင်းဖြစ်ပွားခဲ့သည့် နေရာ အနီးနားနှင့် ဇီးဖြူကုန်းဈေးကို ပိတ်ထားပြီး စစ်ကောင်စီအရာရှိများနှင့် ညွှန်ကြားရေး မှူးချုပ်များက အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာသို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီအတွက် အခွန်ငွေ များရနေသည့် လောင်းကစားဝိုင်းများကို မပြုလုပ်ရန်အကြိမ်ကြိမ်သတိပေးခဲ့ပြီး အသံဗုံးခွဲကာ သတိပေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ် ဆောင်နေ သည့်အတွက် ယခုကဲ့သို့တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – လောင်းကစားဝိုင်းတစ်ခုပုံ (ပုံအဟောင်းကိုအသုံးပြုထားသည်)
#လက်ပံတန်း #လောင်းကစားဝိုင်း #ဇီးဖြူကုန်းရဲစခန်း #တိုက်ခိုက်ခံရ #၄ဦးသေ #PDF #Ayeyarwaddy_Times