နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP/ALA ကို နယ်ခြားစောင့်တပ်-BGF အဖြစ် ပြောင်းလဲ၍ စစ်ကောင်စီက လက်နက်ခဲယမ်းများ တပ်ဆင်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသလို စစ်ကောင်စီနှင့် ALP သည် ယခင်ကထက် ပိုမိုပူးပေါင်း ဆောင်ရွက်နေကြောင်း ဒေသခံများနှင့် ဒေသတွင်း သတင်းများအရ သိရှိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP/ALA ကို ယခုနှစ် ၂၀၂၃ နှစ်ဆန်းမှ စတင်၍ စစ်ကောင်စီက နယ်ခြားစောင့်တပ်-BGF အဖြစ် ပြောင်းလဲခဲ့ပြီး ဘတ်တံဆိပ်မှလွဲကာ စစ်ယူနီဖောင်းများလည်း တူညီလာကြောင်း ရခိုင်ဒေသခံများကပြောဆိုကြသည်။
“အဓိကတော့ အာဏာသိမ်း စစ်တပ်က သက်တမ်းတိုးပြီး နောက်ပိုင်းပေါ့။ အရင်တုန်းက ALP ကို သူတို့ယူနီဖောင်းတောင် ဝတ်ခွင့်မပြုခဲ့ဘူး။ ခုက အခြေခံစစ်ပညာ သင်တန်းတွေ၊ အထိုင်စခန်းကျ လှုပ်ရှားမှုတွေအထိ ပြုလုပ်လာတာကို တွေ့ရပါတယ်။ အရင်ယူနီဖောင်းက KNU နဲ့ ဆင်ပါတယ်။ ဘတ်တံဆိပ်ပဲ ကွဲတာပါ။ ဒီနှစ်ထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းအတိုင်း ဖြစ်သွားပါတယ်။ ဘတ်တံဆိပ်ပဲ ကွဲပါတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP/ALA သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်- NCA ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင် ALP ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက တာဝန်ယူထားကာ အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော အပစ်ရပ်အဖွဲ့ဖြစ်သည်။
ထိုသို့ NCA လက်မှတ် ရေးထိုးခဲ့မှုနှင့် ပတ်သက်၍ ခေါင်းဆောင်ကြီးအချို့ကြား အမြင်မတူမှုများ သိသိသာသာ တိုးပွားလာခဲ့ကာ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင်မူ မမျှော်လင့်ဘဲ ပါတီအသွင်နှစ်မျိုး ဖြစ်လာခဲ့ကြောင်း ပါတီကို အသစ်ပြန်ဖွဲ့သည်ဆိုသော ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ရခိုင်ပြည်လွှတ်မြောက်ရေးအတွက်ဆိုပြီး ဖွဲ့စည်းတိုက်ပွဲ ဝင်လာခဲ့တာပါ။ ဒါပေမယ့် ဦးသိန်းစိန်လက်ထက် NCA ထိုးလိုက်ကတည်းက လူထုယုံကြည်မှု မရတော့ပါဘူး။ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်မှာတော့ သူတို့(ALP)အထဲမှာ နှစ် ဖွဲ့ ထပ်ကွဲသွားပါတယ်။ စစ်ကောင်စီကို လက်မခံသူတွေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမယ့်သူတွေပေါ့။ အဲဒီမှာ စစ်တပ်က လုပ်ပိုင်ခွင့်တွေ ရထားတဲ့ (ဒေါ်)စောမြရာဇာလင်းက ဘာမှအဖြစ်မရှိဘဲ သူ့ကိုယ်သူ ဥက္ကဋ္ဌဆိုပြီး စစ်တွေက လူနည်းနည်းနဲ့ အပိုင်သိမ်းသလို လုပ်စားလိုက်ပါတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ALP သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မီးလောင်ကွင်းဌာနချုပ်ကို ဗဟိုပြုလှုပ်ရှားနေပြီး တပ်ဖွဲ့ဝင်အင်အား ၂၀ ကျော် ၃၀ ကြားသာ တွေ့ရှိရသလို ရခိုင်ပြည်သူများကလည်း စစ်ကောင်နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နေသည့် ALP ကို လက်ခံခြင်းမရှိကြောင်း ဒေသခံများက မှတ်ချက်ပေးသည်။
“ဒါအချေအမြစ်မရှိတဲ့ သတင်းပါ။ ကျွန်တော်တို့ BGF ဖွဲ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှဆွေးနွေးခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ ပြီးတော့ ယူနီဖောင်း ပြောင်းလဲတပ်ဆင်ထားတာ မဟုတ်ဘူး။ အဲဒီဓာတ်ပုံတွေက ကြာလှပြီ။ ကျွန်တော်တို့ စစ်ဦးစီးချုပ် လုပ်ကြံမခံရခင်တုန်းက စစ်သင်တန်း ဆင်းပွဲတစ်ခုမှာ သင်တန်းသားတွေကို ဝတ်ပေးခဲ့တဲ့ ယူနီဖောင်းပါ။ ကျွန်တော်တို့ ALP ယူနီဖောင်းက နဂိုယူနီဖောင်းပါပဲ မပြောင်းလဲပါဘူး။ ကျွန်တော်တို့ ALP အလံလည်း မပြောင်းပါဘူး။ ဘတ်တံဆိပ်လည်း မပြောင်းပါဘူး။ ယူနီဖောင်းလည်း ယခင်ယူနီဖောင်းပါပဲ” ဟု ALP အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်သူရိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ယခုနှစ်၊ ဇန်နဝါရီလ ၄ ရက်က ပြုလုပ်ခဲ့သည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ပြန်လာသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP/ALA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စောမြ၊ စစ်တွေတာဝန်ခံ တပ်ရင်းမှူး ကျော်စိုးနှင့် ဗိုလ်သူရိန်ထက်တို့သည် စစ်တွေမြို့၊ ရွာသာယာရပ်ကွက်အနီး၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံခဲ့ရသည်။
“ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တယ် ဆိုတာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားကြတယ်။ ကျွန်တော်တို့ ရခိုင်ဒေသရဲ့ အခြေအနေတွေနဲ့ ကျွန်တော်တို့ ဖွံဖြိုးတိုးတက်ရေး ကိစ္စတွေ၊ လူမူကူညီကယ်ဆယ်ရေး ကိစ္စတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ပဲ အဓိကထားပြီး ဆွေးနွေးကြတာပါ။ ဒီ BGF ဖွဲ့မယ့် ကိစ္စတွေဘာတွေဆိုတာ ကျွန်တော်တို့ ဘာမှမဆွေးနွေးပါဘူး” ဟု ALP အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။
ဇူလိုင်လ ၁ ရက် နေ့လည်ကလည်း ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တာဝန်ရှိသူများ ပစ်ခတ်ခံရပြီး ဒုဥက္ကဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်မင်းနှင့် ယာဥ်မောင်း ခိုင်ကျော်နိုင်တို့ သေဆုံးသွားခဲ့ကာ တပ်ဖွဲ့ဝင် ခိုင်ဗိုလ်မင်း၊ ခိုင်ကျော်မင်းစိုး နှင့် ခိုင်ကျော်ရဲအောင်တို့ ဒဏ်ရာအသီးသီးရရှိခဲ့၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြရသည်။
ဓာတ်ပုံ – ALP (ပုံစာ – ALP တပ်ဖွဲ့ဝင်များ)
#ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) #နယ်ခြားစောင့်တပ် #ပြောင်းလဲမည် #သတင်းထွက်ပေါ် #ပါတီတာဝန်ရှိသူများငြင်းဆို #Ayeyarwaddy_Times