နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂ ရက်
တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဥ်ထားသည့် မြို့နယ်များနှင့် အခြားတရုတ်စီမံကိန်းများ အကောင်အထည်ဖော်နေသော မြို့နယ် ၆၁ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ကျလာကြောင်း မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) က ဖော်ပြထားသည်။
အဆိုပါ ဒေသများတွင် စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၂,၂၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိုအထဲမှာမှ တိုက်ပွဲ ၁,၄၈၆ ကြိမ်ထက်မနည်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ပထမ ၁၄ လတာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ISP-Myanmar က ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ မေလအထိ ဒုတိယ ၁၄ လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၇၆၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ခြင်းကြောင့် ၁၄ လတာကာလနှစ်ခု နှိုင်းယှဉ်ကြည့်လျှင် တရုတ်စီမံကိန်းများ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်မှုသည် ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားကြောင်း ISP-Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေချိန်မှာ တရုတ်စီမံကိန်းကြီးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံလာရတဲ့ အခြေအနေတွေဟာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒရေးရာ စဥ်းစားချက်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အသစ်ပေါ်ပေါက်လာတဲ့ အင်အားစုတွေအပေါ်မှာ စဥ်းစားချက်တွေ တုံ့ပြန်ချက်တွေလည်း အပြောင်းအလဲ ရှိလာ နိုင်ပါတယ်” ဟု ISP-Myanmar က ဆိုသည်။
ISP-Myanmar က ပြုစုထားသည့် စာရင်းများအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက်အထိ နိုင်ငံတဝန်း၌ တိုက်ပွဲပေါင်း ၉,၅၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တနိုင်ငံလုံး စုစုပေါင်းတိုက်ပွဲ၏ ၂၃ ရာခိုင်နှုန်းကျော်သည် တရုတ်စီမံကိန်းများ တည်ရှိရာ မြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး ယင်းမြို့နယ်များတွင် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ (EROs) များအကြား တိုက်ပွဲပေါင်း ၁,၂၉၄ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား တိုက်ပွဲဖြစ်ပွားမှုသည် ၃၁၉ ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီနှင့် EAOs ၊ PDFs ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွါးမှုမှာ ၅၆၀ ကြိမ်ထက်မနည်းရှိကာ စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ (EROs) အချင်းချင်းအကြား အပြန်အလှန် တိုက်ပွဲဖြစ်မှုအနေဖြင့် ၄၆ ကြိမ်ထက်မနည်း ရှိခဲ့သည်ဟုလည်း သိရသည်။
“တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ဖျက်ဆီးမှုဆိုတဲ့ သဘောထားက NUG မှာလည်း မရှိဘူး။ PDF တွေမှာလည်း မရှိပါဘူး။ အဲဒီကာလက ၂၀၂၁ နဲ့ ၂၀၂၂ ကြားကပေါ့။ ၂၀၂၃ ခုနှစ်မှာ တရုတ်စီမံကိန်းတွေ ဖျက်ဖို့ဆိုတဲ့ ကိစ္စက တရုတ်ရဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် စစ်ကောင်စီပေါ်မှာ သဘောထား ပြောင်းလဲလာမှုပေါ် တစ်စုံတစ်ရာ လှုပ်ရှားမှုတွေ ရှိလာတယ်။ အထူးသဖြင့် လက်ပံတောင်းတောင်နဲ့ ရေနံပိုက်လိုင်းတွေကိုပေါ့ နှစ် ကြိမ်တိုက်တာ ရှိပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရုတ်-လာအို-ထိုင်း-မြန်မာ လေးနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြတ်သန်းရာ ကရင်ပြည်နယ်တွင် တိုက်ပွဲပေါင်း ၁,၀၉၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နယ်စပ်ဖြတ်ကျော် လျှပ်စစ် ဓာတ်အားပေးလိုင်းများ ဖြတ်သန်းမည့် လွိုင်ကော်မြို့နယ် တွင်လည်း တိုက်ပွဲပေါင်း ၂၂၅ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကြောင်း ISP-Myanmar ထံမှ သိရသည်။
“ဒါပေမယ့် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ NUG ကလည်း သိပ်ပြီးတော့ အားတက်သရော အားပေးတဲ့အနေအထား မရှိပါဘူး။ နောက်တစ်ခုက ဒီလိုအလား အလာတွေ ရှိတဲ့အတွက် တရုတ်ရင်းနှီးမြုပ်နှံမှုတွေပေါ့။ လုံခြုံရေးကလည်း ပိုပြီးတော့ အရင်ထက် တိုးချလာတဲ့အတွက် အဲဒီလှုပ်ရှားမှုကို သိပ်မလုပ်ဘူးလို့ ထင်ပါတယ်။ အဓိကအားဖြင့်တော့ NUG ရဲ့ သဘောထားအပေါ်မှာ PDF တွေက တရုတ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့မှ အားတက်သရော ဖျက်ဆီးတာမျိုး မလုပ်သေးတဲ့ သဘောထား ကြောင့် ဖြစ်တယ်လို့ ကျွန်တော်တော့ ခြုံငုံသုံးသပ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆက်လက်ပြောသည်။
ထို့အပြင် မူဆယ်-မန္တလေး မြန်နှုန်းမြင့်ရထားလမ်း အကောင်အထည်ဖော်မည့် လမ်းကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လက စတင်ပြေးဆွဲခဲ့သော ယူနန်- ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း- ကားလမ်း- ရထားလမ်း ပူးတွဲပို့ဆောင်မှု ကုန်သွယ်ရေးလမ်းကြောင်းသစ် စီမံကိန်းများ ဖြတ်သန်းရာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲပေါင်း ၂၂၂ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့သည်ဟု သိရသည်။
တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ဆောက်ရန် ပြင်ဆင်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ တည်ရှိရာ မူဆယ်မြို့နယ်တွင် တိုက်ပွဲပေါင်း ၈၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိသော ဆားလင်းကြီးမြို့နယ်တွင်လည်း တိုက်ပွဲပေါင်း ၂၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းများ၏ ဆုံချက်ဖြစ်သည့် ရှမ်းပြည်နယ်အတွင်း၌ အာဏာသိမ်းမှုအလွန် ၁၄ လတာ ကာလနှစ်ခုကို နှိုင်းယှဥ်ကြည့်လျှင် ရှမ်းပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွါးမှုသည် ထက်ဝက်လျော့ကျသွားသည်ကို တွေ့ရှိရပြီး ပထမ ၁၄ လတာအတွင်း တိုက်ပွဲပေါင်း ၁၅၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သော်လည်း ဒုတိယ ၁၄ လတာအတွင်းမှာမူ တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်းသာ ဖြစ်ပွားခြင်းကို ထူးခြားချက်အဖြစ် တွေ့ရှိရသည်ဟု ISP-Myanmar က ထုတ်ပြန်ဖော်ပြထားသည်။
ပုံစာ- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
#တရုတ်စီမံကိန်းများ #အနီးတဝိုက်တွင် #တိုက်ပွဲဖြစ်ပွားမှု #ထက်ဝက်ကျော်လျော့ကျ #Ayeyarwaddy_Times