ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဇူလိုင်လ ၂ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၂ ရက်နေ့အထိ သုံးရက်တာအတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များနှင့် စစ်ကောင်စီယာဉ်တန်းများကို KNLA၊ PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တပ်သား ၁၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်၌ ယနေ့ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို လမ်းလုံခြုံရေးယူပေးသည့် သိမ်ဇရပ် ခမရ(၂၀၇)မှ တပ်သားများ တင်ဆောင်လာသည့် ကား နှစ် စီးကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်သား သုံး ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်သားအယောက် ၃၀ ဝန်းကျင်စခန်းချထားသည့် သံတံတားစစ်ဆေးရေးဂိတ်နှင့် ကျိုက်ထိုဘက်မှဘီးလင်းဘက်သို့ ဆင်းလာသည့် ကား ငါးစီးပါစစ်ကောင်စီယာဉ်တန်းကိုလည်း ဇွန်လ ၃၀ ရက်နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၁၂ ဦးဝန်းကျင်သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း လည်းသိရသည်။

“အလူးလေးမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်တာမှာ ခုနှစ် ယောက်သေတယ်လို့သိရတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက နည်းမျိုးစုံနဲ့ လှုပ်ရှားမှုတွေ၊ ထောက်ပို့တွေလုပ်နေတယ်။ အရပ်ဝတ်တွေနဲ့ ဓာတ်ပုံရိုက်ပီးပို့တာမျိုးတွေလုပ်နေတယ်လို့သိရတယ် ” ဟု သထုံခရိုင် PDF တာဝန်ရှိသူကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးတစ်လျှောက်တွင် စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်လာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း အဆိုပါလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် စစ်ဆေးပါကကြည်ဖြူစွာ စစ်ဆေးခံရန်လည်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲရေး ရုံးက ထုတ်ပြန်ထားသည်။

“စစ်ရေးအရှိန်မြှင့်လုပ်ဆောင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဂရုစိုက်သွားလာဖို့ရယ်၊ ကျွန်တော်တို့ဘက်က ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ပြောချင်ပါတယ်။” ဟု ကိုအေးမင်းထွန်းက ဆက်ပြောသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး တစ်လျှောင်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီယာဉ်တန်းများ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်သည့်အနေဖြင့် ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတားကို တော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်(ပုံအဟောင်းကို အသုံးပြုထားသည်)။
#ကျိုက်ထို #ဘီးလင်း #စစ်ကောင်စီဂိတ် #စစ်ကောင်စီယာဉ်တန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times