Portrait Of Senior Friends Enjoying Outdoor Dinner Party At Home

ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၂ ရက်)

“ဇရာ‌ဘေးပြေးလွတ်တယ်” ဆိုပြီး မရှိတာမို့ သက်ရှိတိုင်း ကြီးထွားဖွံ့ဖြိုးခြင်း နဲ့ အိုမင်း ရင့်ရော်ခြင်း ဆိုတဲ့ အရာကို မလွဲမသွေ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ခံစားရတတ်တဲ့ လူကြီးရောဂါများ ကုသပေးခြင်း ကို Geriatric Medicine လို့ ခေါ်ဆိုပါတယ်။ လူကြီးရောဂါတွေ ကုသပေးခြင်းဟာလည်း “ကလေးကျန်းမာပညာရပ်” လိုပဲမို့ “သက်ကြီးရွယ်အိုကျန်းမာပညာရပ်” ဆိုပြီး ဆေးပညာ အထူးပြုလေ့လာခြင်းတွေ ပေါ်ပေါက်နေပြီဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးကတော့ နောက်ကျနေဆဲပဲ ဖြစ်ပါတယ်။

#အဖြစ်များသောအိုနာရောဂါများ

အိုခြင်း နာခြင်းတွေကို လူသားတိုင်း ကြုံတွေ့ခံစားကြရပါတယ်။ အဆစ်အမြစ် ရောင်‌ရောဂါများ ၊ ကင်ဆာရောဂါများ ၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ နာတာရှည်လေပြွန်ကျဥ်းအဆုတ်ရောဂါများနဲ့ သတိမှတ်ဉာဏ် ချို့ယွင်းရောဂါ (Alzheimer’s Disease) ၊ လေသင်တုန်းဖြတ်ရောဂါ (Parkinson’s Disease) သွေးချိုဆီးချိုရောဂါ ၊ အရိုးပွအရိုးပါးရောဂါ လေဖြတ်ရောဂါ တွေကတော့ အဖြစ်များတဲ့ သက်ကြီးရွယ်အိုတွေ အဖြစ်များတတ်တဲ့ အိုနာ‌ရောဂါတွေပဲ ဖြစ်ပါတယ်။

#အသက်အရွယ်ကြီးရင့်သူများကြုံရတတ်တဲ့အရာ

သဘာဝအရကို အသက်ကြီးလာတဲ့အခါမှာ လူငယ်တွေ သက်လတ်ပိုင်းတွေလို သိပ်မစား နိုင်ကြတော့ပါဘူး။ အစားသိပ်မဝင်တော့ပါဘူး။ အစားသောက်ပျက်တာတွေ ကိုယ်ခန္ဓာ ပိန်ချုံးလွယ်တာတွေ ဖြစ်တတ်ပါတယ်။

အသက်ကြီးရင့်တဲ့အခါ ကြွက်သားများ(muscle) ကြုံလှီး နည်းပါးလာပြီ ခန္ဓာကိုယ်မှာ အဆီ‌တွေ ပိုပိုများလာတာ ကြုံရပါတယ်။‌ ရေဓာတ်လျော့နည်းခြင်းကြောင့် ခံနိုင်ရည် နည်းလာပြီး သက်ကြီးလူနာတွေ ဒဏ်ရာရလို့ ခွဲစိတ်ပါက အနာကျက်ဖို့ အချိန်ကြာတတ်ပါတယ်။ ကျန်းမာရေးအတွက် အားကစားပုံမှန် လိုက်စားမယ် ဆိုရင်တော့ အိုးမင်းရင့်ရော်ခြင်းကို နှေးစေပြီး လူကိုနုပျိုစေမှာပါ။

အရွယ်အိုမင်းခြင်းနဲ့အတူ အစာ‌အိမ်နှင့် အူလမ်းကြောင်းတစ်လျောက် ပြောင်းလဲမှုတွေ ကြုံတွေ့ရပါတယ်။ ငယ်ရွယ်စဥ်ကလို မဟုတ်တော့ဘဲ အစာချေဖို့ အချိန်ပိုကြာတတ်ခြင်း၊ အာဟာရ စုပ်ယူရန်ခက်ခဲခြင်း တွေကို ကြုံတွေ့ရတတ်ပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ကင်ဆာ ရောဂါဖြစ်လာနိုင် တာတွေလည်း အသက်အရွယ်ကြီးလာလေလေ ပိုခံစားရလေလေမို့ ဝမ်းမချုပ်စေဖို့ အမျှင်ဓာတ်များများလိုပါတယ်။ အစိမ်းရောင်အရွက်တွေဟာ အမျှင် ဓာတ်ကြွယ်ဝပါတယ်။

လျှာပေါ်မှာရှိတဲ့ အရသာခံဖုလေးတွေဟာ အသက်ကြီးလာတဲ့အခါ အာရုံခံနိုင်စွမ်း လျော့နည်းလာပါတယ်။ စားသမျှ အရသာကို အချိုအငန် ခွဲခြားနိုင်စွမ်း နည်းသွား တတ်ကြပါတယ်။ အဖိုး ၊ အဖွားတွေက စားသမျှအရသာမရှိဘူးလို့ ပြောလာခဲ့ရင် စိတ်မတိုကြဖို့ နဲ့ ဒီအချက်ကို သိထားဖို့ လိုအပ်ပါတယ်။

အမျိုးသမီးတွေ ဆိုရင်လည်း သွေးဆုံးကိုင်ပြီးတဲ့အခါ အရိုးပွရောဂါကို ခံစားရပါတယ်။ အရိုးကျိုးလွယ်လာပါတယ်။ အရိုးအားကောင်း သန်မာစေဖို့အတွက် ကယ်လ်စီယမ် နဲ့ ဗိုက်တာမင်ဒီ ဖြည့်စွက်အားဆေးများ သောက်ကြပါတယ်။ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေအပြင်အရိုးပါ ဝါးစားလို့ရတဲ့ ငါးကလေးတွေ စားပေးပါက အရိုးအတွက်ကောင်းမွန်စေပါတယ်။ ဒီအရာတွေဟာ သက်ကြီး ရွယ်အိုများအတွက် လိုအပ်ပါတယ်။

အသက်အရွယ်ကြီးရင့်ပြီး အိုလာတဲ့အခါ ကိုယ်အင်္ဂါတွေမှာလည်း ပြောင်းလဲ ခြင်းတွေ ခံစားရပါတယ်။ ပန်ကရိယလို့ခေါ်တဲ့ ကိုယ့်တွင်းအင်္ဂါတစ်ခုကနေပြီး အင်ဆူလင် (Insulin) ဟော်မုန်းဓာတ် ထုတ်လုပ်တာ မူမမှန်တော့တဲ့အတွက်ကြောင့် သွေးချို၊ ဆီးချိုရောဂါ ဖြစ်စေပါတယ်။ ကျောက်ကပ် အလုပ်လုပ်ခြင်းကို ထိခိုက်လာတာကြောင့် ကျောက်ကပ်ရောဂါ၊ သွေးကြောနံရံများမာကြောလာခြင်း ၊ သွေးတွင်းအဆီများလာတာကြောင့် နှလုံးရောဂါ ၊ အငန်အလွန် အကြူးစားခြင်းကြောင့် သွေးတိုးရောဂါ စတာတွေကို ကြုံတွေ့ခံစားရပါမယ်။

အသက်အရွယ်အိုမင်းခြင်းနဲ့အတူ ကိုယ်ခံအားနည်းလာတတ်ပါတယ်။ ကိုယ်ခံအားနည်း ပါက ရောဂါပိုး အလွယ်တကူ ဝင်ရောက်ခြင်း ၊ ကင်ဆာရောဂါဖြစ်ပွားခြင်း တွေကို ကြုံတွေ့ရမှာပါ။ ကိုယ်ခံအားကောင်းဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်နည်းနဲ့ ရှင်သန် ရပါမယ်။

သက်ကြီးဘဝမှာကိုယ်ခံအားကောင်းဖို့ အားဆေးတွေဖြည့်စွက်စာတွေ စားကြပါတယ်။ ဓာတ်စာတွေ စားသုံးပေးတာ ၊ ဖြည့်စွက်စာတွေစားသုံးပေးတာ ၊ အားဆေးတွေသောက် တာတွေက လုပ်နိုင်ရင်ကောင်းပါတယ်။

ဒါပေမယ့် ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုရဖို့အတွက် စိတ်ချမ်းသာအောင် နေထိုင်မယ်၊ ကျန်းမာရေးလေ့ကျင့်ခန်းလေး တွေလုပ်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအဟာရတွေကို မှန်မှန်ကန်ကန် ရွေးချယ်မယ်ဆိုရင် ဈေးကြီးပေးဝယ်ရတဲ့ ဖြည့်စွက် စာတွေအားဆေးတွေမလိုပါဘူး။

အသက်ကြီးရင့်လာတဲ့ လူအို၊ လူကြီးတွေမှာ ချို့တဲ့သွားတတ်တဲ့အာဟာရတွေ ဗီတာမင် တွေကို ရှင်းပြပေးသွားပါ့မယ်။

#အသားဓါတ်(Protein)

အဓိကကတော့အသားဓါတ်ပရိုတိန်းချို့တဲ့တာပါခင်ဗျာ။အသားငါးပဲအမျိုးမျိုးဥနို့နဲ့နို့ထွက်ပစ္စည်းတွေမှာအသားဓါတ်တွေပါဝင်ပါတယ်။စုံစုံလင်လင်စားပေးပါမှအသားဓါတ်ပြည့်ပြည့်စုံစုံရပါမယ်။ပိန်ချုံးကြုံလှီးသွားတဲ့အခါမှာ များများပြန်စားပေးရပါမယ်။

#ကယ်လ်စီယမ် နှင့် ဗိုက်တာမင်-ဒီ (Vitamin D And calcium )

အရိုးကျိုးလွယ်အရိုးပွတာတွေကာကွယ်ဖို့ထုံးဓာတ် (ကယ်လ်စီယမ်) နဲ့ ဗိုက်တာမင်-ဒီ လို အပ်ပါတယ်။ ကျောက်ကပ်မကောင်းရင် ဗိုက်တာမင်-ဒီ ချို့တဲ့တတ်ပါတယ်။ ဒါကြောင့်ကျောက်ကပ်ကျန်းမာရေးကိုလည်းဂရုစိုက်ပေးရပါမယ်။ နို့သောက်ပေးတာ နေရောင်ခြည်နဲ့ ထိတွေ့တာတွေလုပ်ပေးရမယ်။ အဆီထူတဲ့ငါးတွေ(ပင်လယ်ငါး) အသည်း၊ အစေ့အဆံ၊ နို့နဲ့နို့ထွက်ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ ထောပတ် ပဲနို့၊ ပဲပိစပ်တွေစားပေး ရပါမယ်။

#သွပ်ဓါတ်နှင့်ဗိုက်တာမင်စီ (zinc and vitamin C)

အသက်အရွယ်ကြီးရင့်သူတွေမှာ ကိုယ်ခံအားကောင်းစေဖို့အတွက် သွပ်ဓါတ် zinc နဲ့ ဗိုက်တာမင်-စီလည်း အလုံအလောက်ရဖို့လိုပါတယ်။ အသား၊ ငါးနဲ့ ပင်လယ်စာတွေမှာ zincကြွယ်ဝသလို ချဥ်တဲ့သစ်သီးဝလံတွေဖြစ်တဲ့ ဇီးဖြူသီး၊ လိမ္မော်သီး၊ ပန်းငရုပ်/ငရုပ်ပွ ၊ ခရမ်းချဥ်သီး ၊ ပန်းဂေါ်ဖီစိမ်း တွေမှာ ဗိုက်တာမင်-စီ ကြွယ်ဝပါတယ်။

#သံဓါတ်(Iron)

သံဓါတ်အားနည်းတာကြောင့် သွေးအားနည်းတာ၊ ဆံပင်ဆံသား အားနည်းတာ၊ လက်သည်း ခြေသည်းအားနည်းတာ တွေဖြစ်တတ်ပါတယ်။ သံဓါတ် အားနည်း တာ တွေကို ကာကွယ်ဖို့အစိမ်းရောင်အရွက်တွေ (ကန်စွန်းရွက်ဟင်းနုနယ်ရွက်) အနီရောင် အသားတွေစားပေးဖို့ လိုအပ်ပါတယ်။

ဓာတ်စာနဲ့ဖြည့်စွက်စာတွေအပြင် အားဆေးသောက်လိုပါက

-ဗိုက်တာမင်-ဘီအုပ်စု Vitamin B complex
-ဗိုက်တာမင်-အေ vitamin A
-ဗိုက်တာမင်-အီး Vitamin E
-ဗိုက်တာမင်-ကေ Vitamin K
သတ္ထုဓါတ်တွေမျိုးစုံ ပါဝင်တဲ့ ဘယ်လို အားဆေးကို မဆိုသောက်သုံးပေးလို့ရပါတယ်။

#စိတ်ဓာတ်ကျခြင်း

အသက်အရွယ်ကြီးရင့်တဲ့ သက်ကြီးရွယ်အိုတွေမှာ စိတ်ဓာတ်ကျခြင်းကြောင့် အစား မစား နိုင်ဖြစ်ကြရပါတယ်။ ပိန်ချုံး သွားတတ်ပါတယ်။ မိသားစုဝင်များရဲ့ ဂရုစိုက်ပေး ခြင်းကိုမရတဲ့အခါ အထီးကျန်လာတတ်ကြပါတယ်။ အသုံးမဝင်သလို ခံစားရတတ် ပါတယ်။ အဲ့ဒီလိုမဖြစ်‌ရစေဖို့ အစုအဖွဲ့နဲ့ ပေါင်းစည်း နေထိုင် ရှင်သန်ဖို့ ၊ ခံစားချက်တွေ မျှဝေကြဖို့ လူမှုရေးအဖွဲ့စည်းတွေ လိုအပ်ပါတယ်။

အရက်ကို အလွန်အမင်းသောက်ခြင်း တစ်ကိုယ်တည်း အထီးကျန်စွာနေခြင်းက စိတ်ဓာတ်ကျခြင်းကိုပိုဆိုးရွားစေမှာဖြစ်ပါတယ်။

#အစာမျိုရခက်ခဲခြင်း

လေငန်း ၊ လေဖြန်း ၊ လေဖြတ် ၊ လေသင်တုန်းဖြတ် မှတ်ဉာဏ်လျော့နည်း ရောဂါသည် တွေ၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါရှိသူတွေနဲ့ အံ့ဝင်ခွင်ကျမဟုတ်တဲ့ သွားအတု အံကတ်အတု သုံးနေသူတွေဟာ အစာမျိုချရ ခက်ခဲခြင်းကိုကြုံရတတ်ပါတယ်။ အစားမဝင်သောကြောင့် ပိန်ချုံးခြင်းတွေလည်းခံစားရနိုင်ပါတယ်။

#လေဖြတ်ခြင်း

လေဖြတ်ကြို တင်ကာကွယ်ဆေးဆိုပြီး ဆေးထိုးနေကြတာဟာ အလိမ်အညာပဲ ဖြစ်ပါတယ်။ အလွယ်ဆုံးပြောရရင်လေဖြတ်ခြင်းနှစ်မျိုးရှိပါတယ်။

၁-ဦးနှောက်သွေးကြော သွေးခဲပိတ်ဆို့တာ ဦးနှောက်သားသွေးလုံလောက်အောင် မရဘဲ ပုပ်သွားတာမျိုး (Cerebral Ischaemia and infarction )
၂-ဦးနှောက်သွေးကြောပေါက်တာသွေးယိုတာမျိုး (Cerebral haemorrhage) ဆိုပြီးကွာတတ်ပါတယ်။

ဒါကြောင့် သွေးကြောပိတ်တာလား၊ သွေးကြောပေါက်တာလား အနေအထား ပေါ်မူတည်ပြီး လိုအပ်သလိုကုသရပါတယ်။‌ ကုသမှုတွေကလည်း မီးနဲ့ရေလို ဆန့်ကျင်ဖက်တွေဖြစ်ပါတယ်။

လေဖြတ်ခဲ့ရင် ဘယ်လို အမျိုးအစားကြောင့် ဖြစ်တယ်ဆိုတာ သိရဖို့ အတွက် ကွန်ပျူတာ ဓါတ်မှန် (CT scan) ၊ သံလိုက်ဓါတ်မှန် (MRI scan) တွေရိုက်ပြီး ရောဂါရှာဖွေရပါတယ်။

လေဖြတ်တာကာကွယ်ဖို့ အတွက်ဆိုရင် သွေးတွင်းအဆီမများအောင် နေထိုင်မယ်။ ဆီးချိုသွေးတိုးရောဂါတွေရှိရင် စနစ်တကျထိန်းသိမ်းကုသမယ်။ သွေးပျစ်စေတဲ့ အခြေ အနေမျိုး မဖြစ်အောင်ထိန်းသိမ်းမယ်ဆိုရင် တော်တော်လေး ကိုကာကွယ်နိုင်ပါပြီ။

လေဖြတ်နိုင်ခြေများတဲ့သူတွေအပေါ် လေ့လာထားချက်အရ သွေးတွင်းအဆီကျဆေး နဲ့ သွေးကျဲဆေးတွေကသာ လေဖြတ်ခြင်းကို အထိုက်အလျောက် ကာကွယ်နိုင်တယ်ဆိုတဲ့ သုတေသနအဖြေထွက်ထားဖူးပါတယ်။

ကျွန်‌တော်တို့ ချစ်ရတဲ့ ဖိုးဖိုးဖွားဖွား သက်ကြီး ရွယ်အိုတွေ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်စေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

နောက်လာမယ့် ရက်သတ္တပတ်မှာတော့ အမျိုးသား တွေ တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးဆိုင်ရာတွေကို မျှဝေပေးသွားမှာဖြစ်လို့ Ayeyarwady Times သတင်းစာ မျက်နှာကို ပုံမှန်ဝင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သက်ကြီးရွယ်အိုများအတွက်အာဟာရ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)