နွေဦးမောင်/ဧရာဝတီတ်ိုင်းမ်
ငပုတော၊ ဇူလိုင်လ ၁၅ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ဒရယ်ကျွန်းကမ်းခြေမှာ စစ်ကောင်စီက ဦးဆောင်ကာ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့(ဇူလိုင်လ ၁၃ ရက်နေ့) ကပြုလုပ်ခဲ့တဲ့ ဝါဆိုလှိုင်းခုန်ပွဲသို့ လာရောက်ပျော်ပါးတဲ့ အမျိုးသား ၄ ဦး ရေနစ်သေဆုံးခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

” တစ်ယောက်ပဲအလောင်းပြန်ရသေးတယ်။ ကျန် ၃ ယောက် ပြန်မရသေးဘူး။ လူငယ်တွေတော့ မဟုတ်ဘူး။ ၄၀ နဲ့ ၅၀ကျော်တွေ။ လိူင်းခုန်ပွဲလုပ်တဲ့ကမ်းခြေကို ရေထဲကဖြတ်အကူးမှာ တစ်ယောက် လှို​င်းပုတ်လို့မျောသွားတာကို သုံးယောက်ကလိုက်ကယ်ရင်း အကုန်ရေနစ်ကုန်တာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သေဆုံးသူတွေဟာ ဒရယ်ကျွန်းကမ်းခြေမှာပြုလုပ်တဲ့ ဝါဆိုလှိုင်းခုန်ပွဲကို လာရောက်တဲ့ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ရွာနေ အသက် (၄၀) ခန့်အရွယ် ဦးမျိုးကိုကို(ခ)ဖိုးချို၊ အသက် (၅၆) နှစ် အရွယ် ဦးအေးထွန်း၊ အသက် (၄၉) နှစ်အရွယ် ဦးဇော်မြင့်နိုင်နဲ့ အသက်(၄၈)နှစ်အရွယ် ဦးဆန်းအောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

” ဖြစ်စဥ်ကသူတို့က ဝါဆိုလှိုင်းခုန်ပွဲကိုလာကြတာ။မိုးတိမ်ပြင်ကျေးရွာအုပ်စု ကျွန်းလေးချောင်းကနေ ဒရယ်ကျွန်းဘက်ကမ်းကို ဖြတ်ကူးတဲ့အချိန်မှာ ဦးအေးထွန်းကရေစီးထဲမျောပါသွားတယ်။ မျောပါသွားတော့ သူနဲ့အတူပါလာတဲ့သုံးယောက်က လိုက်ဆယ်ရင်း လေးယောက်လုံးပင်လယ်ထဲကို မျောပါသွားတာပါ။ အဲ့နေ့ညနေက ၄ ယောက်ထဲက ဦးဖိုးချိုရဲ့အလောင်းကိုဒရယ်ကျွန်းကမ်းခြေမှာပြန်တွေ့ပါတယ်။ ကျန်လူတွေကခုထိမတွေ့သေးပါဘူး”လို့ ငရုတ်ကောင်းမြို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဝါဆိုလှိုင်းခုန်ပွဲတော်ကို ယခင်အစိုးရအဆက်ဆက်က နှစ်စဥ်ပြုလုပ်နေကြဖြစ်သော်လည်း လူအသေအပျောက်မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဧရာဝတီတိုင်း ငပုတောမြို့နယ်က ကမ်းခြေဒေသများတွင် နှစ်စဉ် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ရောက်တိုင်း ဝါဆိုလှိုင်းခုန်ပွဲတော် ပြုလုပ်တဲ့ဓလေ့ရှိပြီး ကမ်းခြေများသို့ အစုလိုက်လာရောက်ကြကာ လိူင်းခုန်ခြင်းပြုလုပ်တဲ့အစဥ်အလာရှိတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဓာတ်ပုံ – We Love NgayokeKaung(ဝါဆိုလှ်ိုင်းခုန်ပျော်တော်တွင် လာရောက်ပျော်ပါးနေသူအချို့အား မြင်တွေ့ရစဥ်)