နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့နေ့ နောက်ပိုင်းမှ စတင်၍ တစ်လအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားသည့် အိမ်ခြေ ၅၀၀ ကျော်အထိ ရှိကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာ အပါအဝင် ကမ္ဘာအေး၊ ရွှေအင်းလေး၊ နှင်းတော၊ အောင်ချမ်းစီ၊ ထန်းတော၊ ရွာရှည် နှင့် ရွှေသိမ်တော် ကျေးရွာများရှိ လူနေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားခြင်းဖြစ်ပြီး လုံခြုံရေးအရ ဝင်ရောက်ခြင်း မပြုနိုင်သည့် ကျေးရွာများလည်းရှိကြောင်း သိရသည်။

“ဝင်လို့ရတဲ့ကျေးရွာတွေကို စာရင်းပြုစုတာ မီးရှို့ခံထားရတဲ့ အိမ်ခြေ ၅၀၀ ကျော်အ ထိရှိတယ်။ လုံခြုံရေးအရ ဝင်လို့မရတဲ့ ကျေးရွာတွေရှိနေသေးတယ်။ လက်ရှိကာလမှာတော့ စားဝတ်နေရေးခက်ခဲပြီး စစ်ဘေးရှောင်တွေ များလာနေတယ်။ ဒုက္ခသည်စခန်းကလည်း မရှိဆိုတော့ အန္တရာယ်တွေရှိနေတဲ့ကြားက အလှူခံပြီး ကူညီပေးနေရတယ်။ စစ်ဘေးရှောင် နေရတဲ့သူတွေက တစ်နေ့ထက်တစ်နေ့ များလာတော့ စားဝတ် နေရေး အခက်ခဲတွေ ဖြစ်နေတယ်” ဟု စစ်ဘေးရှောင် အရေးကူညီပေးနေသူတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ညောင်ပင်ကြီးရဲစခန်းကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လက်ပံတောင်းတောင် ဒေသတွင်း စစ်ကြောင်းထိုးခြင်းများအပြင် ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်များမှ ပစ္စည်ခိုးယူခြင်းများ ပြုလုပ်လျှက်ရှိသည်။

ဓာတ်ပုံ- စစ်ဘေးရှောင်ကူညီရေးအဖွဲ့
#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #လက်ပံတောင်းတောင်ဒေသ #စစ်ကောင်စီတပ် #မီးရှို့ဖျက်ဆီး #အိမ်ခြေ၅၀၀ကျော် #Ayeyarwaddy_Times