ဧရာဝတီတိုင်းမ်
ခင်ဦး ၊ ဇူလိုင် ၃ရက်
စစ်ကောင်စီတပ်များသည် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့ အရှေ့မြောက်ခြမ်းနှင့် အနောက်တောင်ခြမ်းတို့ကို စစ်ကြောင်း နှစ်ခုခွဲပြီး နယ်မြေရှင်းလင်းရေးအမည် တပ်ကာ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာသို့ ဇွန်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်သားများနှင့် ရွာသစ်ကုန်းပျူ စုစုပေါင်းအင်အား ၃၀ ဝန်းကျင်ခန့် ဝင်ရောက်ခဲ့ပြီး အသက် ၆၀ အရွယ်အမျိုးသားတဦး၏ ပေါင်ကို သေနတ်ဖြင့်တေ့ပစ်သွားသည့်အပြင် ပြည်သူ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“မနက် ၃ နာရီလောက်ကတည်းက ရွာနားကပ်လာကြတာ။ ၆ နာရီကျော်လောက်မှာ သူတို့မိုင်းထိသွားတာနဲ့ လက်နက်ကြီး၊ ငယ်ပစ်တွေနဲ့ ပစ်ပြီး တရကြမ်းဝင်လာတော့တာပဲ။ ဦးသန်းဝင်းကတော့ ဘယ်ဘက်ပေါင်ကို သေနတ်နဲ့ တေ့ပစ်ခံလိုက်ရတယ်။ သူ့ကို ကောက်ရိုးပုံ နှစ်ပုံကြားထည့်ပြီး မီးရှို့မလို့ ပြင်ဆင်ကြသေးတာ။ ဖမ်းခံရတဲ့ လေး ယောက်ကိုလည်း ရိုက်နှက်ပြီး စစ်ကြတယ်။ သူတို့ပြန်ထွက်သွားတော့ ရွာထဲက စားစရာတွေကို ယူသွားကြတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။
ခင်ဦးမြို့၏ မြို့အရှေ့မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် အလယ်ရှိုရွာမှ ဒေသခံ ငါးဦးအား အထုပ်အပိုးထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူများမွေးမြူထားသည့် နွား လေးကောင်နှင့် ဝက် နှစ်ကောင်ကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။
ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#ခင်ဦး #စစ်ကြောင်းထိုး #ဖမ်းဆီးမှုများ #ဒေသခံ #၆၀၀၀ ကျော် #ထွက်ပြေးတိမ်းရှောင် #Ayeyarwaddy_Times