ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃ ရက်

မန္တလေးတိုင်း၊ ညောင်ဦး-မြင်းခြံလမ်းမပေါ်ရှိ ပျူစောထီးနှင့်စစ်ကောင်စီတပ် စစ်ဆေး ရေးဂိတ်ကို ယမန်နေ့ ဇူလိုင် ၂ ရက်နေ့က ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force) နှင့် အရိန္ဒမာတပ်တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ မြို့မရဲစခန်းကိုလည်း ထပ်မံဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်ထံက သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ညောင်ဦး-မြင်းခြံလမ်းမပေါ်ရှိ ပျူစောထီးနှင့် စစ်ကောင်စီ တပ် စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ နံနက် ၉ နာရီတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထို့အတူ ရေစကြို မြို့မရဲစခန်းကိုလည်း ယမန်နေ့ ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အလစ်ငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဖုန်းသုံးနေသည့် ရဲတပ်ဖွဲ့ဝင်ဦး ထိမှန် လဲကျခဲ့ကြောင်း သိရသည်။

” မနက်ပိုင်းမှာတော့ ပြည်သူတွေဆီကနေ အတင်းအဓမ္မ ငွေကြေးကောက်ခံနေတဲ့ ညောင်ဦး-မြင်းခြံ လမ်းမကြီးပေါ်က ကျောဇီရွာ နားမှာရှိတဲ့ ပျုစောထီးနဲ့ စစ်ကောင်စီတပ် ပူးပေါင်း စစ်ဆေးရေး ဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ တစ်ယောက်သေပြီး နှစ်ယောက် ဒဏ်ရာရတယ်” ဟု ပုဂံပြည်ဘီလူးတပ် အဖွဲ့ ခေါင်းဆောင် ကိုဇီးကွက် ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးခရိုင် တပ်ရင်း (၅) အရိန္ဒမာတပ်နှင့် ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီယာဉ်တန်းများ၊ စစ်ကောင်စီနှင့် အပေါင်းအပါများထိုင်သည့် စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်များနှင့် ဝေးဝေးတွင်နေကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

“ရေစကြို မြို့မရဲစခန်းကိုတော့ ရေစကြို နယ်ခံ LDF (ဒေသခံတော်လှန်ရေးအဖွဲ့) တွေ အကူအညီတောင်းလို့ သွားပစ်တာပါ။ နယ်ခံ တွေ ဆီက သိရှိချက်အရ မသေဘူး။ ဒဏ်ရာပဲ ရသွားပြီး ဆေးကုသမှု့ ခံယူနေတယ်လို့ သိရပါတယ်။ နေရာတိုင်း မှာ ကျွန်တော် တို့ လူအင်အား ဖြန့်ကျက်ထားပါတယ်” ဟု ပုဂံပြည်ဘီလူးတပ် အဖွဲ့ ခေါင်းဆောင် ကိုဇီးကွက်က ဆိုသည်။

ပုဂံပြည် ဘီလူးတပ်အနေဖြင့် စစ်ကောင်စီ နှင့် ပတ်သက်သည့် နေရာများတွင် အခွင့်အရေးပေးသလို တိုက်ခိုက်သွားမည်ဖြစ်ပြီး နေရာတိုင်းတွင် လူအင်အား ဖြန့်ကျက် ထားကြောင်း သိရသည်။

ဓာတ်ပုံ- ပုဂံပြည်ဘီလူးတပ်

#ညောင်ဦးမြင်းခြံလမ်းမ #စစ်ဆေးရေးဂိတ် #မိုင်းဆွဲတိုက်ခိုက် #ရေစကြိုမြို့မရဲစခန်း #ဝင်ရောက်ပစ်ခတ် #ပုဂံပြည်ဘီလူးတပ် #အရိန္ဒမာတပ် #Ayeyarwaddy_Times