လွင့်ခိုင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃ ရက်
ပြည်သူလူထုကို ဖမ်းဆီးထောင်ချ ၊ မုဒိန်းကျင့်၊ သတ်ဖြတ် ၊ ဓားပြတိုက် ၊ မီးရှို့ အစရှိတဲ့ ပြောမကုန်နိုင် ဂုဏ်ပုဒ်များစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာ့တပ်မတော်ကြီးရဲ့ ဥသျှောင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့ မှာ အသက် ၆၇ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
အသက် ၆၇ နှစ်ပြည့်ပြီဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ရက်နေ့က ထားဝယ်မြို့မှာ မွေးဖွားခဲ့တာပါ။ ၁၉၇၄ ခုနှစ် ၊ စစ်တက္ကသိုလ် (Defence Services Academy – DSA) အပတ်စဉ် ၁၉ ကို တက်ရောက်ခဲ့တဲ့ မောင်မင်းအောင်လှိုင်ဟာ မြန်မာပြည်သူလူထုအတွက် ဆိုးကျိုးတွေယူဆောင်လာမယ့် စစ်ခေါင်းဆောင်တစ်ယောက် ဖြစ်လာပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ်-၁၉ ဟာ အာဏာကိုဖက်တွယ် မက်မောလွန်းတဲ့ အာဏာရူးတစ်ယောက်ကို မွေးထုတ်ပေးတဲ့ DSA-19 အဖြစ် မြန်မာသမိုင်း တွင်ခဲ့ပါပြီ။
ဗိုလ်မင်းအောင်လှိုင်ရဲ့ တပ်မတော်အရာရှိဘဝ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာ လောက်လောက် လားလားအောင်မြင်ခဲ့တဲ့ ဖြစ်စဥ်မျိုး မရှိခဲ့ဘဲ တပ်ချုပ် (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်) ဖြစ်လာသူမို့ ဝေဖန်ခြင်းခံရသူလည်း ဖြစ်ပါတယ်။
ဗိုလ်မင်းအောင်လှိုင်ဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ မဆင်မခြင် တာဝန်ပေးအပ်မှုကြောင့် ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပါတယ်။
အပတ်စဥ်တူသူများနဲ့ နီးစပ်သူများက “ကြောင်ချီး” လို့ နာမည်ပေးခြင်း ခံထားရတဲ့ ဗိုလ်မင်းအောင်လှိုင်ဟာ အခုတော့ “ကြင်စိုး” ဆိုတဲ့ ထပ်တိုး နာမည်ပြောင် တစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။
ပြည်သူတွေ အားလုံးသိကြတဲ့ “ကြိုးစင်” ပေါ်တက်ရမယ့် “ကြင်စိုး” ဟာ လက်ရှိ အနေအထားမှာတော့ သူတစ်ယောက်တည်းတင် မဟုတ်တော့ဘဲ သူနဲ့အပေါင်း အပါတွေသာမက သူ့ရှေ့က စစ်ခေါင်းဆောင်ဟောင်းတွေကိုပါ တွဲခေါ်သွားမယ့် “ကြောင်ချီးကြင်စိုး” ဖြစ်လို့နေပါပြီ။
ဗိုလ်မင်းအောင်လှိုင်ဟာ တပ်ချုပ်ဖြစ်ပြီ ဟေ့ဆိုကတည်းက တစ်ဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီး ရှေ့မှာချပြီး စစ်ဘုရင်ကြီးလို ရမ်းကားမှုတွေနဲ့ စခဲ့ပါတယ်။ တပ်ချုပ်ဖြစ်ပြီး သုံးလ အကြာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာတော့ ၁၇ နှစ်ကြာအပစ်ရပ်စဲထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တာပိန်ရေ အားလျှပ်စစ် လုံခြုံရေး ပဋိပက္ခ ကိုအကြောင်းပြုပြီး တကျော့ပြန်စစ်မီး တောက်ကို ပြန်လည်စတင်ခဲ့ပါတယ်။
တအာင်းပလောင် တိုင်ရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (TNLA) ကို အင်အားကြီးမားအောင် လုပ်ဆောင်ပေးခဲ့တဲ့ ကာချုပ် မင်းအောင်လှိုင်၊ ရက္ခိုင့်တပ်တော် (AA ) ကို ရခိုင်ပြည်နယ်မှာ အခြေချနိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ကာချုပ် မင်းအောင်လှိုင်၊ ၂၀၀၉ မှာ အနိုင်တိုက်ခဲ့တယ်ဆိုတဲ့ ကိုးကန့်တပ်တွေဆီမှာ သူ့ရဲ့ စစ်သည်အင်အားများစွာ (၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၇) စတေးခဲ့သူ ကာချုပ် မင်းအောင်လှိုင် အဖြစ် နာမည်ရခဲ့ပါတယ်။
တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်တဲ့အခါ လက်နက်ကြီးပစ်ကူတွေ ရဟတ်ယာဥ်တွေ အလွန်အကျွံ သုံးစွဲခဲ့တာတောင် ကာချုပ် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ထိခိုက်သေဆုံးမှုများစွာ ရှိခဲ့တဲ့အထိ တိုက်ရည်ခိုက်ရည် ကျဆင်းခဲ့တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အရည်အချင်းမရှိလို့ ဖြစ်ရတာလို့ သုံးသပ်မှုတွေ ရှိနေပေမယ့် အားလုံးသော စစ်ဗိုလ်ချုပ်တွေဟာ အကျိုးစီးပွားချင်တူနေကြတဲ့အတွက် နေသာသလို နေလာခဲ့ကြပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ အရပ်သားအစိုးရသက်တမ်း နှစ်ဆက်အတွင်းမှာ နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဥ်နဲ့ ပြည်သူ့ငွေ တွေကို ကိုယ်ငွေတွေလို စိတ်ထင်ရာသုံးစွဲခဲ့ကြတာကြောင့် ချမ်းသာကြွယ်ဝမှုတွေဟာ အဆမတန် တိုးတက်လာခဲ့ကြပါတယ်။
မိသားစုရဲ့ကြွယ်ဝချမ်းသာမှုတွေ အဆမတန် တိုးလာတဲ့ ဗိုလ်မင်းအောင်လှိုင်ဟာ ဒီအခြေအနေကို ရောင့်ရဲခြင်းမပြုနိုင်ဘဲ အာဏာရှင်အဖြစ် ထပ်မံခြေလှမ်းရင်း အာဏာရူးအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ဟာ ရှေးက စစ်ခေါင်းဆောင်တွေလို သက်တော်ရှည် တပ်ချုပ်ကြီးသာမကဘဲ နိုင်ငံတော် သမ္မတရာထူးအထိ စိတ်ကူးယဥ် လာခဲ့ပါတယ်။
ဒါကြောင့်လည်း အရပ်သားအစိုးရ လက်ထက်မှာ ချဥ်းကပ်မှု ပုံစံသစ်တွေ ရှာဖွေရင်း NLD အစိုးရ တက်လာပြီးနောက် ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနား ဆွမ်းကပ်ပွဲကို ခြံအမှတ် ၅၄ ထိ သွားရောက်ပြီး တက်ခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ လက်ထက် မှာ ကာကွယ်ရေးဦးစီးချုပ် အဖြစ် နိုင်ငံတော်ပြန်တမ်းနဲ့ ခန့်အပ်ခြင်း မခံခဲ့ရသလို ရခိုင်မှာလုပ်ခဲ့တဲ့ နယ်မြေ ရှင်းလင်းရေး အခြေအနေများအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ နှင့် အခြားကိစ္စရပ်များကြောင့် ကာချုပ် မင်းအောင်လှိုင်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ ရပါတယ်။
နောက်ဆုံးမှာတော့ အာဏာရူးလွန်းတဲ့ ကာချုပ်မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ မှာမဲမသမာမှု လုပ်တယ်ဆိုဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁မှာ အာဏာသိမ်းခဲ့ပါတယ်။
NLD ပါတီကို လူထုထောက်ခံမှု နည်းနေပြီဆိုတဲ့ သတင်းအမှားတွေနဲ့ ယခုလို အာဏာသိမ်းယူခြင်းက နွေဦးတော်လှန်ရေးလို ပြည်သူလူထုရဲ့ ပြင်းပြင်းထန်ထန် ခုခံခြင်းကို မကြုံရနိုင်ဘူးလို့ လျော့တွက်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အခုဆိုရင် အရူးမီးဝိုင်းဖြစ်နေပါပြီ။
စစ်တပ်ကို အာဏာသိမ်းဖို့ မြှောက်ပေးခဲ့တဲ့သူတွေနဲ့ အာဏာသိမ်းတာကို အားပေး ထောက်ခံခဲ့သူတွေဟာ အခုအချိန်မှာ လူထုကြား ပေါ်ပေါ်ထင်ထင် မနေရဲကြတော့သလို နိုင်ငံတော်ရဲ့ စစ်တပ်ဟာလည်း သူခိုးဓားပြအဆင့်ကို တဖြည်းဖြည်းချင်းလျောက်လှမ်းရင်း တပ်သားသစ်ပင်စုဆောင်း နိုင်ခြင်း မရှိတော့တဲ့ အခြေအနေကို ရင်ဆိုင်နေရပါပြီ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့် အောက်ခြေက စစ်ကောင်စီတပ်သားတွေဟာ နေ့စဥ်နဲ့အမျှ သေဆုံးနေသလို စစ်တပ်ကို စွန်ခွာထွက်ပြေးမှုတွေလည်း အများအပြား ရှိနေပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခြားတစ်ဖက်မှာလည်း ကိုယ်ရဲ့နိုင်ငံသားတွေ နေထိုင်တဲ့ ကျေးရွာတွေ မြို့တွေကို မီးရှို့ကြသလို ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံ တွေကိုလည်း ဖျက်ဆီးပစ်ကြပါတယ်။ ဒေသခံ ပြည်သူတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးထောင်ချတာတွေကြောင့် စစ်တပ်အပေါ် ရွံမုန်းခြင်းနဲ့အတူ ခုခံ တော်လှန်မှုတွေကို ဆိုးဝါးစွာ ရင်ဆိုင်လာရပါတယ်။
နိုင်ငံတနိုင်ငံကို စောင့်ရှောက်ကာကွယ်ရမယ့် စစ်တပ်ဟာ နိုင်ငံသားတွေနဲ့ စစ်ပြန်ဖြစ်နေ ရတယ်ဆိုတာ ရှက်စရာကောင်းလှပြီး မဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ပါ။
အခုလက်ရှိအခြေအနေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာရူးခဲ့တဲ့ နောက်ဆက်တွဲဒဏ်ကို အနီးကပ်ဆုံးခံနေရသူက ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းပဲ ဖြစ်ပါတယ်။ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းဟာ ပြည်သူက ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရက အသိအမှတ်ပြု ခန့်အပ်မယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ရနိုင်တဲ့အခွင့်အရေး ရှိခဲ့ပေမယ့် လက်ရှိမှာ စစ်ရာဇဝတ်ကောင်အဖြစ် ပြည်သူရဲ့ အမုန်းတရားနဲ့အတူ နိုင်ငံတကာရဲ့ အရေးယူမှုတွေကိုပါ ခံယူနေရပြီ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထက် အသက်လေးနှစ်ငယ်တဲ့ ဒုကာချုပ် စိုးဝင်းကို NLD အစိုးရရဲ့ ဒုတိယသက်တမ်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးဖို့ လျာထားပြီးသား ဖြစ်ပေမယ့် စစ်တပ် စီနီယာ မင်းအောင်လှိုင်ရဲ့ အာဏာရူးမှုကြောင့် ဂျူနီယာ စိုးဝင်းပါ ဒီဒဏ်ကို ခံခဲ့ရတာပါ။
နှစ်ပေါင်းများစွာ အစီအစဥ်တကျ လုပ်ဆောင်မှုနဲ့အတူ အာဏာရှင်ထိုင်ခုံကနေ လှလှပပ ထွက်ခွာပြရင်း စာဖတ်နေပါ တယ်ဆိုတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုပါ လူလုံးထွက်ပြလာရတဲ့အထိ ဒုက္ခပေးနိုင်သူဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။
ကာချုပ် မင်းအောင်လှိုင်ရဲ့ ယခုလို လုပ်ဆောင်မှုတွေအပေါ် စစ်ခေါင်းဆောင် ဟောင်ကြီးတွေအနေနဲ့ တော်တော်လေးကို စိတ်ပျက်နေကြပါပြီ။ စစ်ခေါင်းဆောင်ဟောင်းတွေက ကွက်ကျော်ရိုက်ပြီး ပြည်သူကို လူလည်ကျ အမှောင်ချ သိမ်းထားတဲ့ ဇာတ်လမ်းတွေဟာ မင်းအောင်လှိုင်ရဲ့ အတ္တကြီးမှုနဲ့ ညံ့ဖျင်းမှုကြောင့် အစပြန်ထွက်လာပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေကို အရှုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဟာ အခုလက်ရှိမှာတော့ ပြည်သူတွေရဲ့ တော်လှန်စစ်ကိုပါ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခံနေရပါတယ်။ ချင်းပြည်နယ်၊ ကရင်နီပြည်အပါအဝင် စစ်ကိုင်း မကွေးအစရှိတဲ့ စစ်မြေပြင်တွေနဲ့ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူးနဲ့ မန္တလေး ၊ ရန်ကုန် အစရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီစခန်းတွေ ၊ဂိတ်တွေဟာ နေ့စဥ်နဲ့အမျှ တိုက်ခိုက်ခံနေရပါတယ်။
ပြည်သူလူထုကို ရက်ရက်စက်စက်သတ်ဖြတ်၊ ထောင်တွေနှစ်ရှည်ချပြီး အကြောက် တရား ရအောင် လုပ်ဆောင်နေပေမယ့် ပြည်သူလူထုရဲ့ တော်လှန်စိတ်က လျော့ကျမသွားပဲ စစ်ခေါင်းဆောင်တွေ ပြုတ်ကျတဲ့အထိ တော်လှန်နေကြဆဲပါ။
အဖမ်းဆီးခံရနိုင်မှန်းသိပါလျက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းပန်ကာ ထောက်ခံကြောင်းပြသခဲ့တဲ့ ပြည်သူတွေကို ကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင်တွေ ရှက်သင့်နေပါပြီ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ခေတ်မီ တပ်မတော်ဖြစ်ရမယ်ဆိုတဲ့ စကားကြီး စကားကျယ်တွေပြောရင်း စစ်တပ်ကို ရစရာမရှိလောက်အောင် သိက္ခာတွေချရင်း တိုင်းပြည်ကို အဖက်ဖက်က နိမ့်ကျစေခဲ့ပြီဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာရူးပြီး အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ခွဲအတွင်းမှာ စစ်တပ်ရဲ့ အင်အားဟာ အင်မတန်ချိနဲ့ လာနေပြီး ခံစစ်ပြင်ရတဲ့အထိ ဆိုးဝါးလာနေ ပါတယ်။ ဒါကြောင့် မိသားစု ကြီးပွားချမ်းသာရေးနဲ့ မိမိအာဏာရလိုမှု ကိုသာကြည့် တတ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ လက်ဆောင် ကတော့ ကြိုးစင်သာ သေချာနေကြောင်းလို့ ဆိုလိုက်ချင်ပါတယ်။
#စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #လာရာနှင့်လားရာ #အတွေးအမြင် #Ayeyarwaddy_Times