ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃ ရက်
ရန်ကုန်မြို့တွင်းရှိ စစ်ဆေးရေးဂိတ်အချို့မှ စစ်ကောင်စီတပ်သားများသည် ဖြတ်သန်း သွားလာသည့် ပြည်သူများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်၍ အတင်းအဓမ္မ ငွေကြေး တောင်းခံမှုများ ရှိကြောင်း သိရသည်။
သန်လျင်၊ ခရမ်း၊ သုံးခွမြို့နယ်၊ လှည်းကူးနှင့် ရန်ကုန်မြို့ မြို့ဆင်ခြေဖုံး နေရာများတွင် လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များမှ တပ်သားများသည် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားသည့် အိမ်စီးကားများ၊ တက္ကစီများ၊ ဘေးတွဲကယ်ရီ သမားများပါမကျန် စစ်ဆေးလျက်ရှိပြီး ငွေကြေး အတင်းအဓမ္မတောင်းယူများရှိကာ ရိုက်နှက်ခြင်းများကို ဇွန်လ နောက်ဆုံးပတ်မှစ၍ ယနေ့ထိ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ကျွန်တော့် ကားကိုတားတယ်။ ပြီးတော့ ယာဉ်မောင်း လိုင်စင်ပါလားမေးတယ်၊ ပြတော့ လူမှတ်ပုံတင်တောင်းတယ်။ မပါလို့ဆိုပြီး တစ်သောင်းခွဲတောင်းတယ်။ ရိုးရိုးတောင်းတာ မဟုတ်ဘူး ပိုက်ဆံပေးမလား၊ ပါးနှစ်ချက်ရိုက်ခံမလားလို့ မေးတယ်”ဟု တက္ကစီယာဉ် မောင်း ကို၀ဿန်ဦး(အမည်လွှဲ)က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုအပြင် သန်လျင်-ခရမ်းသုံးခွဘက်အခြမ်းရှိ ဒေးဇက်-ဖားကူး ကျေးရွာလမ်းမတွင် စစ်ကောင်စီ တပ်ဖွဲ့၀င်များသည် ကား၊ ဆိုင်ကယ်များကို စစ်ဆေးနေပြီး အထက်ပါ အတိုင်း ငွေကြေးတောင်းခံနေကြောင်း ခရီးသွားပြည်သူများ၏ ပြောပြချက်အရ သိရသည်။
“ရန်ကုန်ထဲပဲ နေ့ချင်းပြန် အလုပ်သွားတာ စစ်ဆေးရေးဂိတ်က မှတ်ပုံ တင်တောင်း စစ်တာ။ မပေးနိုင်လို့ ပိုက်ဆံတစ်သောင်းပေးခဲ့ရတယ်။ ကိုယ့်အရှေ့ကလူတွေက မပေး နိုင်လို့လားမသိဘူး။ နားရင်းအုပ်ခံရတာတွေ့တယ်။ လုပ်ချင်ရာလုပ်နေပြီး ဥပဒေကို ထုတ်ချင်ရာ ထုတ်နေကြတာ ။ ရိုက်နေတဲ့ကောင် (စစ်ကောင်စီတပ်သား)တွေက ယူနီ ဖောင်းတောင် မပါဘူး”ဟု သန်လျင်မြို့နေ အမျိုး သမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အလားတူ စစ်ကောင်စီတပ်သည် ဆိုင်ကယ်အသုံးပြုမှုများသည့် သန်လျင်မြို့နယ်၊ ခရမ်း၊ သုံးခွမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားပြီး ဘေးတွဲ၊ သုံးဘီးဆိုင်ကယ်များကိုပါ စီးနင်းခွင့်မပြုဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပုံစာ-ရန်ကုန်-ပြည်လမ်း ၀က်ပုတ်တာဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်
#ရန်ကုန် #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် #အဓမ္မငွေကြေးတောင်းယူ #ရိုက်နှက် #Ayeyarwaddy_Times